လွှတ်တော်အစည်းအဝေးပွဲများ ရက်အတန်ကြာ ရပ်နား

၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖေဖော်ဝါရီ ၁ ရက်မှာ စတင်ခဲ့တဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးတွေကို ဒီကနေ့ ဇွန် ၁၀ ရက်မှာ ပြီးဆုံးသွားပြီဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဒီနေ့ လွှတ်တော်မှာ ကြေညာပါတယ်။
ပထမပုံမှန်အစည်းအဝေးတွေကျင်းပခဲ့တဲ့ ကာလအတွင်းမှာ ပြည်သူ့လွှတ်တော်က ဆွေးနွေးရန်ရှိတဲ့ ဥပဒေ ၁၆ ခုအနက် ၉ ခုကို ဆွေးနွေးနိုင်ခဲ့ပြီး နည်းဥပဒေ၂ခု အတည်ပြုနိုင်ခဲ့တယ်လို့ လွှတ်တော်နုတ်ခွန်းဆက်အမှာစကားမှာ သူက ပြောခဲ့ပါတယ်။
“ဒုတိယအကြိမ် ပထမပုံမှန်စည်းဝေးမှာ ကြယ်ပွင့်ပြမေးခွန်း ၁၃ ခုနဲ့ ကြယ်ပွင့်မပြမေးခွန်း ၁၀၃ခုတို့ကို ဖြေဆိုနိုင်ခဲ့ပြီး အဆို ၁၂ ခုကို တင်သွင်းဆွေးနွေးခဲ့ကြပြီး ဖြစ်ပါတယ်။ ဒီကာလအတွင်း ဆွေးနွေးရမယ့် ဥပဒေကြမ်း ၁၆ခု ရှိရာ ဆွေးနွေးပြီးဖြစ်တဲ့ ဥပဒေ ၉ခုနဲ့ အတည်ပြုဆောင်ရွက်နိုင်ခဲ့တဲ့ နည်းဥပဒေ ၂ ခုတို့ ရှိပါတယ်။”
ဒါ့အပြင် သမ္မတ၊ ဒုသမ္မတ အပါအ၀င် အစိုးရအဖွဲ့၊ လွှတ်တော်ဥက္ကဋ္ဌတွေနဲ့ ဒုတိယဥက္ကဋ္ဌတွေ၊ လွှတ်တော်ရေးရာကော်မတီတွေကိုလည်း အောင်အောင်မြင်မြင် ဖွဲ့စည်းနိုင်ခဲ့လို့ လူထုနဲ့ ကိုယ်စားလှယ်များကို ကျေးဇူးတင်တယ်လို့လည်း ဦးဝင်းမြင့်က ပြောပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်များ ရပ်နားချိန်အတွင်း ပြည်သူ့ထံ ထဲထဲဝင်ဝင် သွားရောက်ပြီး ပြည်သူ့ဆန္ဒသဘောထားကို လေ့လာမှတ်သားကြပါလို့လည်း ကိုယ်စားလှယ်တွေကို တိုက်တွန်းပါတယ်။
ပထမအကြိမ်နဲ့ ဒုတိယအကြိမ် လွှတ်တော်နှစ်ရပ်စလုံးတက်ခဲ့တဲ့ မြေပုံမြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကတော့ လွှတ်တော်သစ်သက်တမ်း တိုတောင်းသေးတဲ့အတွက် ဘာမှ မဝေဖန်ချင်သေးဘဲ စောင့်ကြည့်နေတုန်းပဲလို့ ပြောပါတယ်။
အခုရပ်နားလိုက်တဲ့ ဒုတိယအကြိမ်လွှတ်တော် ပထမပုံမှန်အစည်းဝေးပွဲအတွင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းဖို့ ဆွေးနွေးခဲ့တုန်းက တပ်ကိုယ်စားလှယ်တွေက ပြင်းပြင်းထန်ထန် ကန့်ကွက် ဆွေးနွေးခဲ့ကြပါတယ်။
ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးတွေစတင်တဲ့ အစိုးရအပြောင်းအလဲကာလ အစပိုင်း နေ့ရက်တွေမှာ အစည်း အဝေးကျင်းပချိန် တိုတောင်းလွန်းတာကြောင့် ၁၅ မိနစ်လွှတ်တော်လို့လည်း ဝေဖန်ခံခဲ့ရပါတယ်။
ဖေဖော်ဝါရီ ၁ ရက်မှာ စတင်ခဲ့ပြီး ဇွန် ၁၀ရက်မှာ ပြီးဆုံးခဲ့တဲ့ ဒုတိယအကြိမ်ပထမပုံမှန်စည်းဝေးပွဲများကို လာရောက် လေ့လာသူပေါင်း ၆၀၀၀ ကျော် ရှိခဲ့တယ်လို့သိရပါတယ်။ လွှတ်တော်ပြန်စမယ့်နေ့ရက်ကိုတော့ မကြေညာသေးပဲ လာမယ့် ဇူလိုင်လထဲမှာ ပြန်လည်ခေါ်ယူကျင်းပဖွယ်ရှိတယ်လို့ လွှတ်တော်အမတ်တွေက ခန့်မှန်းပါတယ်။