တိုက်ပွဲရပ်တန့်ကြရန် ရှမ်းနှင့်တအာင်းတပ်တို့ကို တအာင်းအမျိုးသမီး အဖွဲ့တိုက်တွန်း

7K
စစ်ရေးပဋိပက္ခဖြစ်ပွားနေတဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ တအာင်းရွာသားနှစ်ဦး ရက်ရက်ရက်စက်စက် သတ်ဖြတ်ခံရသလို ရွာသားတဦး မိုင်းနင်းမိပြီး သေဆုံးခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ထုတ်ပြန်ပါတယ်။
ဇွန်လ ၁ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကြူဆိုင်းကျေးရွာသား မိုင်းလုမ်အောင်ကြည် အသက် (၂၂) နှစ်ဟာ လက်ဖက်ခင်းကိုအသွား လမ်းမှာ မိုင်းနင်းမိပြီးသေဆုံးခဲ့တယ်။ မာန်အောင်ကျေးရွာသား မိုင်းညီဇားဝင်း (ခ) ညီပါ့ အသက် ၃၄ နှစ်နဲ့ မိုင်းအိုက်ထွန်းဦး အသက် ၃၃ နှစ်တို့ ပျောက်ဆုံးခဲ့ပြီး ဇွန် ၃ ရက်နေ့မှာ အလောင်းတွေ့တယ်လို့ ဆိုပါတယ်။
တအာင်းအမျိုးသမီးအဖွဲ့ရဲ့ သဘောထားကြေညာချက်မှာ ရွာသားတွေကို ပစ်မှတ်ထားပြီး မတရားဖမ်းဆီး နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းကို ကျူးလွန်ကြတဲ့ ဘယ်လက်နက်ကိုင်အဖွဲ့ကိုမဆို ပြစ်တင်ရှုတ်ချတယ်လို့ ဖော်ပြပါတယ်။
အဲဒီဒေသတ၀ိုက်မှာ ဒီနှစ်ဆန်းကစပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) အကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး ပဋိပက္ခဖြစ်စဉ်ကာလအတွင်း ရွာသားတွေ အိုးအိမ်စွန့်ခွာထွက်ပြေးကြရတာ၊ မိုင်းနင်းမိတာ၊ ရွာမီးရှို့ခံရတာတွေ ဆက်တိုက်ဖြစ်ပွားနေသလို တဖွဲ့ကို တဖွဲ့က အပြန်အလှန်စွပ်စွဲနေကြပါတယ်။
အခုလို တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့အချင်းချင်းဖြစ်ပွားတဲ့ တိုက်ပွဲတွေကို ရပ်စဲနိုင်အောင် နှစ်ဖက် တွေ့ဆုံဆွေးနွေးကြဖို့ တခြားတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီတွေက ကြားဝင်ဖြန်ဖြေနိုင်ရေး ကြိုးပမ်းချက်တွေဟာလည်း အောင်မြင်ခြင်းမရှိ သေးပါဘူး။
တအာင်းအမျိုးသမီးအဖွဲ့အစည်းကလည်း လက်နက်ကိုင် အချင်းချင်းကြား ထိုးစစ်ဆင်ခြင်း၊ တိုက်ခိုက်နေခြင်း အမြန်ဆုံး ရပ်တန့်ဖို့ ထပ်မံတောင်းဆိုထားပါတယ်။
ဒ့ါအပြင် အပြစ်မဲ့ပြည်သူလူထုများကို ခြိမ်းခြောက်ခြင်း၊ မတရားဖမ်းဆီးခြင်း၊ ညှဉ်းပန်း နှိပ်စက်ခြင်း၊ အတင်းအဓမ္မပစ္စည်းများ လုယူခြင်းနှင့် ဖျက်ဆီးခြင်း၊ ပေါ်တာဆွဲခြင်း၊ အများပြည်သူသွားလာသော နေရာတွေမှာ မိုင်းမသုံးစွဲကြဖို့၊ သတ်ဖြတ်ခံရတဲ့ ရွာသူရွာသားတွေနဲ့ နစ်နာသူအားလုံးအတွက် တရားမျှတမှု ရှိရေးဆောင်ရွက်ပေးဖို့ တောင်းဆိုထားပါတယ်။
သဘောတူ လက်မှတ်ထိုးထားကြတဲ့ စာချုပ်စာတမ်းတွေနဲ့ စစ်စည်းမျဉ်းစည်းကမ်းတွေ၊ နိုင်ငံတကာ စစ်ပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို တသွေမတိမ်း လိုက်နာကြဖို့ တိုက်တွန်းထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်တွင်းမှာ တိုက်ပွဲတွေဖြစ်နေကြချိန်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစုပင်လုံ နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်သင့်ပါဝင်ထိုက်သူအားလုံး ပါဝင်ဆွေးနွေးနိုင်အောင် ကြိုးပမ်းနေပါတယ်။