ဂျမေကာကို အနိုင်ယူပြီး မက္ကဆီကို ကိုပါဖလား ဒုတိယအဆင့်တက် (ရုပ်သံဟိုက်လိုက်)

1.5K
ကိုပါအမေရိကပြိုင်ပွဲ အုပ်စု ဂ ဒုတိယပွဲစဉ်မှာတော့ မက္ကဆီကိုက ဂျမေကာကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူပြီး ဒုတိယအဆင့်ကို တက်ရောက်သွားပါတယ်။
ပထမပိုင်း ၁၈ မိနစ်မှာ မက္ကဆီကိုအသင်း တိုက်စစ်မှူး ဂျေဗီးယား ဟာနန်ဒက်ဇ်က အဖွင့်ဂိုးသွင်းယူခဲ့ပြီး ပထမပိုင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားပါတယ်။
ဒုတိယပိုင်းမှာတော့ ၂ ဘက် အပြန်အလှန် ထိုးဖောက်ကစားခဲ့သလို ဂိုးရဖို့ အခွင့်အရေး ရခဲ့ပေမယ့် ဂိုးအဖြစ် မဖန်တီးနိုင်ပါဘူး။
ဒုတိယပိုင်း ၈၁ မိနစ်မှာတော့ လူစားဝင်လာတဲ့ အိုရီဘီ ပါလက်တာက ဒုတိယဂိုးသွင်းယူပြီး ၂ ဂိုး ဂိုးမရှိနဲ့ မက္ကဆီကိုက အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။
ဒီပွဲမှာ မက္ကဆီကို ကစားပုံ ကောင်းခဲ့သလို ဂျမေကာရဲ့ တချက်တချက် ထိုးဖောက် ဂိုးသွင်းခွင့်တွေကလည်း ကြောက်စရာကောင်းပေမယ့် မက္ကဆီကိုဂိုးသမား လက်စွမ်းပြ ကာကွယ်သွားပါတယ်။
ဒီပွဲနိုင်တဲ့အတွက် မက္ကဆီကိုက အုပ်စု ဂ မှာ ၂ ပွဲကစား ၂ ပွဲနိုင် ၆ မှတ်၊ ဗင်နီဇွဲလားကလည်း ၂ ပွဲကစား ၂ ပွဲနိုင် ၆ မှတ်ရရှိထားပြီး ဒုတိယအဆင့်တက်ရောက်ရေး သေချာသွားပြီ ဖြစ်ပါတယ်။
ဥရုဂွေးနဲ့ ဂျမေကာတို့ကတော့ ၂ ပွဲကစား ၂ ပွဲရှုံး၊ တမှတ်မှ မရရှိသေးဘဲ အုပ်စုအဆင့်ကနေပဲ ထွက်ရတော့မှာ ဖြစ်ပါတယ်။