A d v e r t i s e m e n t With Us

ထုတ်ပယ်ထားသူများကို ပြန်မခန့်ပါက ရခိုင်အမျိုးသားပါတီဝင် ၉၀၀ ကျော် နုတ်ထွက်မည်

ရခိုင်အမျိုးသားပါတီဗဟိုက ထုတ်ပယ်လိုက်တဲ့ ကျောက်တော်မြို့နယ် ဗဟိုအမှုဆောင်တွေကို ပြန်လည်ခန့်အပ်ပေးဖို့နဲ့ မပေးပါက ပါတီအဖွဲ့ဝင် ၉၅၃ ဦး နုတ်ထွက်မယ်လို့ ပါတီဝင်တွေက ပြောကြားလိုက်ပါတယ်။ ကျောက်တော်မြို့နယ် ရခိုင်အမျိုးသားပါတီဝင် ၉၅၃ ဦးက လက်မှတ်ရေးထိုးပြီး ထုတ်ပယ်ထားတဲ့ ဗဟိုအမှုဆောင်တွေကို ပြန်လည်ခန့်အပ်ပေးဖို့ ဇွန် ၆ ရက်နေ့ နေ့စွဲနဲ့ ပါတီဗဟိုကို တင်ပြတောင်းဆိုထားတယ်လို့ ကျောက်တော်မြို့နယ် ရခိုင်အမျိုးသားပါတီ စည်းကမ်းထိန်းသိမ်းရေးမှူး ဦးငွေသိန်းက ပြောပါတယ်။ “ကျနော်တို့ ကျောက်တော်မြို့ ရခိုင်အမျိုးသားပါတီမှ CEC အဖွဲ့ဝင်သုံးယောက်ကို ဗဟိုက ထုတ်ပယ်လိုက်ပါတယ်။ ဒါကို ပြန်လည်စဉ်းစားပြီး ခန့်ပေးဖို့ ကျနော်တို့တင်ပြထားပါတယ်။ ဗဟိုကနေ ဒီသုံးယောက်ကို ဖြုတ်ချလိုက်တဲ့အချိန်မှာ ဒါကို မကျေနပ်လို့ CEC ပါတီဝင်ခြောက်ယောက်က နုတ်ထွက်လိုက်ပါတယ်။ တကယ်တမ်းကျတော့ မြို့နယ်မှာ ပါတီအတွင်း အလုပ်လုပ်မယ့်သူတယောက်မှ မရှိတော့ပါဘူး။ ဒါကို ကျနော်ပါတီကိုလည်း တင်ပြထားပါပြီ။ ဒီထုတ် ပယ်လိုက်သူတွေကို ပြန်လည်ခန့်အပ်ခြင်း မပြုဘူးဆိုရင် ကျောက်တော်မှာရှိတဲ့ ရခိုင်အမျိုးသာပါတီအဖွဲ့ဝင် ၉၅၃ ဦး အားလုံးဆန္ဒနဲ့ နုတ်ထွက်သွားမယ်” လို့ ပြောပါတယ်။ ရခိုင်အမျိုးသားပါတီဗဟိုအနေနဲ့ ထုတ်ပယ်ထားတဲ့ ကျောက်တော်မြို့ ဗဟိုအမှုဆောင်တွေကို ၇ ရက်အတွင်း ပြန်ခန့်ပေးဖို့ တောင်းဆိုထားပြီး ပြန်မခန့်အပ်ပါက အားလုံးနုတ်ထွက်မယ်လို့ ဆိုပါတယ်။ လက်မှတ်ရေးထိုးရာမှာပါဝင်တဲ့ ရခိုင်အမျိုးသားပါတီဝင် ဦးကျော်နုက “ကျနော်တို့ ရခိုင်အမျိုးသားပါတီ မပြိုကွဲရေးအတွက် လုပ်ရမယ့်ဟာတွေပါ။ သင့်သင့်မြတ်မြတ်ဖြစ်ရေးကို အဓိကလိုလားပါတယ်။ မသင့်မမြတ်ဖြစ်နေတာတွေကို အားလုံးအဆင်ပြေသွားအောင် ဘယ်လိုလုပ်ရင် ကောင်းမလဲပေါ့။ အားလုံတညီတညွတ်တည်း စဉ်းစားဆုံဖြတ်ပြီး ပါတီဌာနချုပ်ကို အားလုံးသဘောတူလက်မှတ်ရေးထိုးပြီး ပိုလိုက်တာ” လို့ ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ရခိုင်အမျိုးသားပါတီ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်ရာမှာ ပါတီရဲ့ စည်းမျဉ်းစည်းကမ်းနဲ့အညီ ပြုလုပ်ခဲ့တာဖြစ်လို့ ထုတ်ပယ်ထားသူတွေကို ပြန်ခန့်ပေးမှာမဟုတ်ဘူးလို့  ပြောပါတယ်။ “သူတို့သုံးယောက်ကို ပါတီစည်းမျဉ်းနဲ့အရေးယူပြီး ထုတ်ပယ်ထားခဲ့တဲ့ သူတွေဖြစ်ပါတယ်။ ကျနော်တို့ပါတီက ဖွဲ့စည်းပုံအဆင့်ဆင့်နဲ့ ဖွဲ့စည်းထားတဲ့ ပါတီကြီးတခုဖြစ်ပါတယ်။ ပါတီရဲ့ စည်းမျဉ်းစည်းကမ်းအရ ညွှန်ကြားချက်တွေကို ဖောက်ဖျက်လို့ စည်းကမ်းထိန်းသိမ်းရေးကနေပြီးတော့ အဆင့်ဆင့်တင်ပြပြီး ဗဟိုဦးဆောင်ကော် မတီဝင်တွေ အစည်းအဝေးဆုံးဖြတ်ချက်နဲ့ ထုတ်ပယ်ထားတဲ့ ပုဂ္ဂိုလ်တွေကို အခုလို အကျပ်ကိုင်ပြီး ကိုယ့် သဘောထားကို ဘာလုပ်မယ်၊ ညာလုပ်မယ်ပြောတာကတော့ နိုင်ငံရေးပါတီတခု အနေနဲ့ ဘယ်လိုမှ လက်ခံနိုင်စရာအကြောင်းမရှိပါဘူး။ ရခိုင်အမျိုးသားပါတီအနေနဲ့ ဒီအချက်တွေ ဘယ် လိုမှ ထည့်သွင်းစဉ်းလိမ့်မယ်မဟုက်ဘူး။” ကျောက်တော်မြို့ ရခိုင်အမျိုးသားပါတီမှထုတ်ပယ်ခံထားသူတွေကတော့ ဦးစောမောင် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ ဦးစောရွှေထွန်း၊ အတွင်းရေးမှူး ဦးဇော်ဝင်းဖြစ်ကြပါတယ်။ သူတို့ ၃ ဦးဟာ ပါတီဗဟိုဌာနချူပ်ရဲ့ ခွင့်ပြုချက် ရယူခြင်းမပြုဘဲ မိမိသဘောအလျောက် မြို့နယ်အဆင့်မြင့် ကော်မတီတွေကို ဖွဲ့စည်းခဲ့ပြီး ကြေညာချက်တွေ ထုတ်ပြန်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြီးခဲ့တဲ့နှစ် ဧပြီ ၇ ရက်နေ့မှာ  ဗဟိုက ထုတ်ပယ်လိုက်တာဖြစ်ပါတယ်။ သူတို့ ၃ ဦးကို ထုတ်ပယ်လိုက်တာ မကျေနပ်လို့ ကျောက်တော်မြို့နယ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဦးထွန်းလှ၊ ဦးတင်ထွန်းအောင်၊ ဦးဇော်ဝင်းမောင်၊ ဦးမောင်မဲစိန်၊ ဦးလှစောမောင်တို့လည်း ပါတီကနေ နုတ်ထွက်ခဲ့ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up