A d v e r t i s e m e n t With Us

ထိုင်း-မြန်မာနယ်နိမိတ်ကိစ္စ ပြီးပြတ်မှ ဘုရားသုံးဆူဂိတ် ဖွင့်နိုင်မည်

ဒေါက်တာသန်းမြင့်နှင့် ဦးစောတင်ဝင်း
ထိုင်းနိုင်ငံ နယ်နိမိတ်က ဘုရားသုံးဆူနယ်မြေထဲ ကျွံဝင်နေတာမို့ နှစ်နိုင်ငံ နယ်နိမိတ်ကိစ္စ ပြီးပြတ်မှ ကရင်ပြည်နယ်၊ ဘုရားသုံးဆူနယ်စပ်ဂိတ်ကို ပြန်ဖွင့်ဖို့ လုပ်နိုင်မယ်လို့ စီးပွား ကူးသန်းဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောလိုက်ပါတယ်။ ဒီနေ့ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်အတွင်း ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောတင်ဝင်းက ဘုရားသုံးဆူနယ်စပ်ဂိတ် ပြန်ဖွင့်ဖို့ အစီအစဉ် ရှိ မရှိ မေးမြန်းရာမှာ ၀န်ကြီးက ခုလို ပြောခဲ့တာ ဖြစ်ပါတယ်။ ဒေါက်တာသန်းမြင့်က “ကျနော်တို့ မြေပုံမှာကြည့်မယ်ဆိုရင် ဒီအ၀ါမျဉ်းကြောင်းက သူတို့ထိုင်းဘက်က ဆွဲထားတဲ့ နိုင်ငံပိုင် နယ်နိမိတ်ပါ၊ ဘုရားသုံးဆူမြို့ထဲ ၀င်ပြီး ကျွံပြီးတော့ တိုင်းထားတာ ရှိပါတယ်။ အဲ့ဒီတော့ ဘုရားသုံးဆူက ကျနော်တို့ဘက်ကို အတော်ကြီး ကျွံဝင်နေတော့ နယ်နိမိတ်အခြေအနေ တိုင်းတာဖို့ ပြေလည်မှသာလျင် နယ်ခြားကုန်သွယ်ဂိတ်ဆိုတာကို ဖွင့်လို့ ရမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်၊ ဇူလိုင်မှာ ဘုရားသုံးဆူအပါအ၀င် နှစ်နိုင်ငံ နယ်စပ်တလျှောက်ရှိ နယ်နိမိတ်တွေကို ပြန်လည်တိုင်းတာဖို့ သဘောတူထားပြီးဖြစ်လို့ အဲ့ဒီ နယ်နိမိတ်တိုင်းတဲ့ ကိစ္စတွေ ပြီးပြတ်အောင်ဆောင်ရွက်ပြီးမှ နယ်စပ်ဂိတ် ပြန်ဖွင့်နိုင်မယ်လို့လည်း စီးပွားကူးသန်းဝန်ကြီးက ပြောပါတယ်။ ဘုရားသုံးဆူနယ်စပ် ကုန်သွယ်ရေးဂိတ်ကို ၁၉၉၃ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး လွန်ခဲ့တဲ့  ၂၀၀၇ ခုနှစ်ကတည်းက ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up