A d v e r t i s e m e n t With Us

ဘန်ကောက် အနှိပ်ခန်းအမှု ရဲအရာရှိ ၄ ဦးကို နေရာပြောင်းရွှေ့

ဓာတ်ပုံ - ဘန်ကောက်ပို့စ်
ရဲတွေ ၀င်ရောက်စီးနင်းလို့ လိင်အလုပ်သမားတွေ ဖမ်းဆီးခံခဲ့ရတဲ့ ထိုင်းနိုင်ငံ ဘန်ကောက်က အနှိပ်ခန်းကိစ္စကြောင့် ရဲအရာရှိ ၄ ဦးကို နေရာပြောင်းရွှေ့လိုက်ပါတယ်။ ဇွန် ၇ ရက်က ဟွေ့ခွမ်မြို့နယ် ရာ့ခ်ျဒါးဖိဆစ်နယ်မြေရှိ Nataree ဖျော်ဖြေရေး အနှိပ်ခန်းကို ရဲတွေက ၀င်ရောက်စီးနင်းခဲ့ရာမှာ လိင်လုပ်သား ၁၂၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး အများစုဟာ မြန်မာနိုင်ငံက ဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။ ဒီဖြစ်ရပ်အတွက် တာဝန်ရှိတဲ့ ဟွေ့ခွမ် စခန်းမှူး၊ လက်ထောက်စခန်းမှူးနဲ့ တခြား အရာရှိ ၂ ဦးကို ရွှေ့ပြောင်းလိုက်ပြီး အမိန့်ကို မြို့ပြ ရဲတပ်ဖွဲ့ဗျူရို အဖွဲ့ခွဲ ၁ က အကြီးအကဲက လက်မှတ်ရေးထိုးထားတယ်လို့ ဘန်ကောက်ပို့စ်သတင်းက ရေးပါတယ်။ ၀င်ရောက်စီးနင်းရာမှာ စာရင်းစာအုပ်တခုကို သိမ်းဆည်းရမိပြီး အနှိပ်ခန်းက ရဲတပ်ဖွဲ့နဲ့ တဦးချင်းစီကို ပေးရတဲ့ ငွေကြေးတွေကို အမည်တွေနဲ့ တကွ ရေးသားထားပါတယ်။ စာရင်းစာအုပ်က အစစ်ဟုတ်မဟုတ်ကိုတော့ မပြောနိုင်သေးဘူးလို့ ရဲတပ်ဖွဲ့ ပြောခွင့်ရကို ကိုးကားပြီး ထိုင်းခေါင်ဆွတ်သတင်းမှာ ရေးပါတယ်။ စာရင်းစာအုပ်ကို တွေ့ရှိပြီးတဲ့နောက်ပိုင်း ရဲအရာရှိ ၄ ဦးကို ပြောင်းရွှေ့လိုက်တာ ဖြစ်တယ်လို့ ထိုင်းဗီဇာ သတင်းဝက်ဆိုဒ်က ဖော်ပြပါတယ်။ ဘာကြောင့် ပြောင်းရွှေ့ရသလဲဆိုတာကိုတော့ ရေးသားထားခြင်း မရှိပါဘူး။ အမျိုးသမီးတွေကို လူကုန်ကူးတဲ့ ကိစ္စ၊ တာဝန်အတိုင်း မလုပ်ဆောင်တဲ့ ရဲနဲ့ လိင် အရောင်းအ၀ယ် လုပ်တယ်လို့ စွပ်စွဲထားတဲ့ အနှိပ်ခန်းကနေ  အကျိုးအမြတ်ယူတဲ့ ရဲတွေကို အဓိက စုံစမ်းစစ်ဆေးသွားမယ်လို့ ရဲတပ်ဖွဲ့အကြီးအကဲက ပြောပါတယ်။ အနှိပ်ခန်း ပိတ်မပိတ် ကိစ္စကိုတော့ ပြည်ထဲရေးဝန်ကြီးက ဆုံးဖြတ်သွားမှာ ဖြစ်သလို ပိုင်ရှင်ကတော့ ပြည့်တန်ဆာ စီးပွားရေးလုပ်ငန်း လုပ်ကိုင်မှုအတွက် စွဲဆိုသွားမှာ ဖြစ်ပါတယ်။ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းက သတင်းပေးတဲ့အတွက် အခုလို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ ထိုင်း အမျိုးသမီး ၁ ဦးနဲ့ မြန်မာ ၈ ဦးကတော့ လူကုန်ကူးခံရတဲ့သူတွေ ဖြစ်သလို တခြား ၁၂ ဦးကလည်း လူကုန်ကူးခံရနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up