ချစ်သူနှင့် ခိုးရာလိုက်သည့် ပါကစ္စတန် အမျိုးသမီးကို အမေနှင့်အစ်ကိုက မီးရှို့သတ် (ရုပ်သံ)

ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း လာဟိုးမြို့မှာ ချစ်သူနောက် ခိုးရာလိုက်ပြီး လက်ထပ်သွားတဲ့ ဆယ်ကျော်သက် အမျိုးသမီးကို အမေနဲ့ အစ်ကိုက မီးရှို့သတ်ဖြတ်လိုက်ပါတယ်။
ဇွန် ၈ ရက်က မိသားစု သဘောမတူတဲ့သူနဲ့ ခိုးရာလိုက် လက်ထပ်ခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် ဇီးနတ် ရာဖစ်ကို သတ်ဖြတ်လိုက်တာလို့ ပန်ဂျပ်ရဲအရာရှိက ပြောပါတယ်။
ချစ်သူနဲ့ ခိုးရာလိုက်ပြီး ထွက်ပြေးသွားတဲ့ ရာဖတ်က မိသားစုနဲ့ ပြန်လည်ပေါင်းစည်းနိုင်မယ်လို့ ထင်မှတ်ပြီး အိမ်ကို ပြန်လာရာမှာ အိမ်အရောက် အိပ်ရာပေါ်မှာ ကြိုးတုပ်ပြီး ဓာတ်ဆီလောင်း မီးရှို့ခံရတာ ဖြစ်ပါတယ်။
အိမ်နီးနားချင်းတွေက အသံကြားလို့ ၀င်ရောက်ဖို့ ကြိုးစားခဲ့ပေမယ့် ၀င်ခွင့်မရခဲ့ပါဘူး။
အရင် ၃ ရက်က မိခင်နဲ့ ဦးလေးတို့က လာရောက်ပြီး အိမ်ပြန်လာဖို့ ရာဖတ်ကို ဖျောင်းဖျခဲ့တာ ဖြစ်ပါတယ်။
ရာဖတ်က မိခင်အိမ်ကိုပြန်ရင် သတ်မှာဖြစ်တဲ့အတွက် စိုးရွံ့တဲ့အကြောင်း တဖွဖွပြောတယ်လို့ သူ့ခင်ပွန်း ဟာဆန်ခမ်းက ပြန်ပြောင်း ပြောဆိုပါတယ်။
အမေ ပါဗင်ဘီဘီက ရဲစခန်းမှာ လာရောက်အဖမ်းခံပြီး သူ့အပြုအမူအတွက် နောင်တမရဘူးလို့ ရဲက ပြောပါတယ်။
အစ်ကို အမ်မာ ရာဖစ်ကတော့ ထွက်ပြေးနေဆဲ ဖြစ်ပါတယ်။
အရင်နှစ်က အမျိုးသမီး ၁၁၀၀ လောက်ဟာ ဆွေမျိုးသားချင်းတွေရဲ့ သတ်ဖြတ်တာကို ခံရတယ်လို့ ပါကစ္စတန်မှာရှိတဲ့ လွတ်လပ်တဲ့ လူ့အခွင့်အရေး ကော်မရှင်က ပြောပါတယ်။