ကောလင်းတမြိုလုံးနီးပါးရေကြီး၊ ကျောင်းနှင့်ရုံးများပိတ်ထားရ

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရုတ်တရက် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေလို့ စာသင်ကျောင်းတွေနဲ့ရုံးတွေ ပိတ်ထားရပါတယ်။
ဒီကနေ့မနက်အစောပိုင်းကတည်းက ရုတ်တရုတ်ရေတိုးလာကာ မြို့ပေါ်ရပ်ကွက်အားလုံး ရေမြုပ်ကုန်ပြီး ပျက်စီးမှုတွေလည်း ရှိနေတယ်လို့ ကောလင်းမြို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူဝင်းက ဒီဗွီဘီ ပြောပါတယ်။
“ကောလင်းကို မနက် ၄ နာရီ ၁၅ မိနစ်ကစပြီးတော့ ရေတွေ တဟုန်တိုးလာတာ အခုတမြို့လုံးရေတွေကြီးနေတာရှင်။ တမြို့လုံး ဘေးပတ်ဝန်းကျင်က ရွာတွေရော အကုန်နစ်နေတာ။ ရေက ၁၉၉၅ ခုနှစ်လူတွေသေတုန်းက ရေတွေထက်တောင်မှ ကြီးနေတယ်။ ပြီးတော့လည်း ရေက အရမ်းသန်တာ။ မြို့ပေါ်မှာတော့ တော်တော်လေး ပျက်စီးပါတယ်။ ဆန်စက်တွေ၊ စပါးတွေ၊ လူတွေလည်း တအားဒုက္ခရောက်တယ်။ ရဲစခန်းလည်းနစ်တယ်။ မြို့ပေါ် ၆ ရပ်ကွက်မှာ ၂ ရပ်ကွက်လောက်ပဲ အနည်းငယ်လွတ်တယ်။ အခုက တမြို့လုံး နစ်ဆိုတော့ ကယ်ဆယ်ရေးကလည်း ကြိုးစားပြီးတော့ လုပ်နေပါတယ်။ ”
ရေကြီးမှုကြောင့် လူသေဆုံးတာ မကြားရသေးပေမယ့်ကျောင်းတွေ၊ ဆေးရုံတွေ၊ အစိုးရ ရုံးတွေအားလုံး ရေနစ်ကုန်တဲ့အတွက်လည်း ဆေးရုံမှာဆိုရင် လူနာတွေကို နည်းနည်းမြင့်တဲ့ နေရာတွေဆီ ရွှေ့ထားရတယ်လို့လည်း ဆိုပါတယ်။
အလားတူ ၀န်းသိုမြို့နယ်မှာလည်း ဒီကနေ့ မနက် ပိုင်း နံနက်(၃)နာရီလောက်က ဒေါင်းမြူးချောင်း ရေလျှံတက်လာပြီး ၀န်းသိုမြို့ပေါ်ရှိ လူနေ ရပ်ကွက် အချို့နဲ့ ကျေးရွာတွေကို ရေများဝင်ရောက်မှုကြောင့် ပျက်စီး ဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။
ရေကြီးမှုကြောင့် လူသေဆုံးမှုတွေမရှိပေမယ့် ၀န်သိုမြို့ ကြိုးကြာကွင်းရပ်ကွက်မှာ ရှိတဲ့ ဦးဝင်းမြင့်ရဲ့ ကြက်ခြံက ကြက်တွေ အကောင် (၇၀၀)လောက် သေဆုံးသွားတယ်လို့ အစိုးရသတင်းက ဆိုပါတယ်။
ဒါ့အပြင် ရပ်ကွက်နဲ့ ကျေးရွာချင်းဆက် သစ်တားတံတားအချို့ ရေမျှောပါပျက်စီးသွားသလို မြို့ပေါ်နဲ့ကျေးရွာအချို့မှာ သိုလှောင်ထားတဲ့ သီးနှံတွေလည်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။