ကောလင်း၊ ၀န်းသို၊ ပင်လယ်ဘူး၊ ဗန်းမောက်တို့တွင် ရုတ်တရက် ရေကြီး (သတင်းဓာတ်ပုံ)
DVB
·
June 9, 2016
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်း၊ ဝန်းသို၊ ပင်လယ်ဘူး၊ ဗန်းမောက်မြို့နယ်တွေမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရုတ်တရက် ရေကြီးခြင်း ဖြစ်ပေါ်နေတယ်လို့ တိုင်းအစိုးရ အင်တာနက်စာမျက်နှာမှာ ဒီနေ့ရက်စွဲနဲ့ ဖော်ပြထားပါတယ်။
ကောလင်းမြို့ပေါ်မှာ ရေ ၂ ပေခန့်တက်နေပြီး ပင်လယ်ဘူးမြို့နယ် မြေလင်းရွာမှာ အိမ်တလုံးနဲ့ စာသင်ကျောင်း အုတ်တံတိုင်းများ ရေမျောပျက်စီးတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ပင်လယ်ဘူး - ကောလင်း ကားလမ်းမှာ တံတားတစင်း ရေတိုက်စားပြီး ပျက်စီးသွားတယ်၊ လူ အန္တရာယ်ထိခိုက်မှုတော့ မရှိဘူးလို့ သတင်းက ဆိုပါတယ်။
ဒါ့အပြင် မူးမြစ်အထက်ပိုင်းဒေသမှာ ရေကြီးနေလို့ သဖန်းဆိပ်ဆည်အထက် မူးမြစ်ကြောင်းတလျှောက် နေထိုင်သူများအနေနဲ့ ရုတ်တရက် ရေလျှံခြင်း၊ ကမ်းပါးပြိုခြင်းများ ဖြစ်ပေါ်လာနိုင်တဲ့အတွက် သတိပြုနေထိုင်ကြဖို့ တိုင်းအစိုးရက နှိုးဆော်ထားပါတယ်။
သတင်းဓာတ်ပုံ - ကောလင်းသူကောလင်းသားများစုဝေးရာ