ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပြည်သူတွေပါဝင်ဖို့ အရမ်းအရေးကြီးတယ် - ဦးမင်းအောင်ထူး
DVB
·
June 8, 2016
မွန်ပြည်နယ် အရပ်ဘက်လူမှုအဖွဲ့အစည်းများ ငြိမ်းချမ်းရေးညီလာခံကို မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ကျင်းပနေတာ ဒုတိယအကြိမ်ရှိပါပြီ။ ပြီးခဲ့တဲ့ ပထမအကြိမ် ငြိမ်းချမ်းရေးဖိုရမ်တုန်းကတော့ ၂၀၁၅ ဇန်န၀ါရီလမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် ဒုတိယအကြိမ် ကျင်းပနေတဲ့ မွန်ပြည်နယ် အရပ်ဘက် လူမှုအဖွဲ့အစည်းများရဲ့ ငြိမ်းချမ်းရေးညီလာခံမှာ ဘာတွေဆွေးနွေးခဲ့တယ်၊ ဘာတွေဆက်လုပ်မယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ ဖိုရမ်ဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင် တယောက်ဖြစ်တဲ့ ဦးမင်းအောင်ထူးကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။
မေး - အခုဆိုရင် ကျနော်တို့ မော်လမြိုင်မြို့မှာ မေလ ၃၀ ရက်၊ ၃၁ ရက် ဆိုပြီးတော့ ဒုတိယအကြိမ် အရပ်ဘက်လူမှုအဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေတယ်ဆိုတာ ဒုတိယအကြိမ် ရှိပါပြီ။ အခုဆိုရင် နှစ်ကြိမ်ရှိနေပြီဆိုတော့ ဆရာတို့ ရည်ရွယ်ချက်လေး နည်းနည်းလောက် ပြောပြပေးပါလား။ ဘာကြောင့် ဆွေးနွေးရတယ် ဆိုတာလေးပေါ့။
ဖြေ - အဓိကကတော့ ဖိုရမ်ကျင်းပရတဲ့ ရည်ရွယ်ချက်ပေါ့လေ။ ကျနော်တို့မှာ ၄ ချက်တော့ ထားထားတယ်ပေါ့လေ။ ပထမတချက်က လက်ရှိဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ် အခြေအနေတွေကို ပြည်သူတွေကော အရပ်ဘက် လူမှုအဖွဲ့အစည်းတွေကော ဒါကိုသိဖို့အတွက်၊ နောက်တချက်က လက်ရှိဖြစ်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ အမြင်သဘောထားတွေပေါ့လေ။ သူတို့ဘယ်လိုမြင်လဲ၊ ဘယ်လိုသုံးသပ်သလဲ၊ သူတို့ရဲ့အမြင် အယူအဆတွေကိုလည်း ဖော်ထုတ်ချင်တာ တခုပေါ့လေ။ နောက်တချက်ကတော့ လက်ရှိ ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေမှာ အရက်ဘက် အဖွဲ့အစည်းတွေကော ပြည်သူတွေကောပေါ့နော်၊ သူတို့ပါဝင်ပံ့ပိုးနိုင်တဲ့ ကဏ္ဍတွေ၊ ဘာတွေရှိမလဲ။ အဲတော့ ဘယ်လိုပုံစံမျိုးနဲ့ ပံ့ပိုးပေးနိုင်မလဲဆိုတဲ့ ကဏ္ဍတွေကို ကျနော်တို့ မြှင့်တင်အားပေးနိုင်ဖို့အတွက်ပေါ့။ နောက်တချက်ကတော့ နောင် ရှေ့ဆက်ပြီး ဖြစ်လာမယ့် ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲတွေအထိပေါ့လေ။ အဲဒီမှာ ကျနော်တို့ အရပ်ဘက်အဖွဲ့အစည်းတွေ ဘယ်လောက်ထိ ပါဝင်ပံ့ပိုးပေးနိုင်မလဲ။ ကျနော်တို့ ဘာတွေပြင်ဆင်ထားဖို့လိုသလဲ။ ဒါတွေကို ကျနော်တို့ ရည်ရွယ်ချက်တခုအနေနဲ့ ထားပြီးတော့ ဒီဖိုရမ်ကို ကျင်းပရခြင်းဖြစ်တယ်။
မေး - ဒီဖိုရမ်မှာ ကျနော်တို့ မွန်ပြည်နယ်ထဲက ဘယ်လို အရပ်ဘက် လူမှုအဖွဲ့အစည်းတွေကနေပြီးတော့ လာရောက်ပူးပေါင်း ဆွေးနွေးကြတယ်ဆိုတာလည်း ပြောပြပေးပါဦး။
ဖြေ - ဒီဖိုရမ်မှာ ကျနော်တို့ကတော့ မွန်ပြည်နယ် ၁၀ မြို့နယ်လုံးမှာရှိတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေထဲကနေပြီးတော့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး စိတ်ပါဝင်စားတဲ့အဖွဲ့တွေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ သွယ်ဝိုက်ပြီးတော့ပဲဖြစ်ဖြစ် တိုက်ရိုက်ပဲဖြစ်ဖြစ် လုပ်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကို အဓိကထားပြီးတော့ ဖိတ်တာပေါ့နော်။ အရပ်ဘက်အဖွဲ့အစည်းတွေ အများကြီးကြားထဲကနေပြီးတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပိုပြီးတော့ အာရုံစိုက်တဲ့ အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်အားလုံး ၁၂၀ လောက် ဖိတ်ထားတာပေါ့။
မေး - သူတို့တွေ တက်ရောက်လာတဲ့ ၂ ရက်တာကာလမှာ ဘယ်လိုဆွေးနွေးခဲ့ကြလဲ။
ဖြေ - ဒီဖိုရမ် ၂ ရက်မှာက ကျနော်တို့ နှစ်ပိုင်းတော့ ရှိတာပေါ့လေ။ တပိုင်းက ရည်ရွယ်ချက်ထဲမှာ တခုရှိတဲ့ Update ဖြစ်တဲ့ ကျနော်တို့ရဲ့ Peace Process အခြေအနေတွေကို တင်ပြဖို့ ဖြစ်တဲ့အတွက် ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်နေတဲ့ ပညာရှင်တွေပေါ့နော်၊ ကျနော်တို့ ဖိတ်ပြီးတော့ အင်ပို့ဆက်ရှင်အနေနဲ့ ကျနော်တို့ ပေးတာရှိတယ်။ နောက်တပိုင်းကတော့ လက်ရှိ ကျနော်တို့ ပြည်နယ်တွင်းမှာ ဖြစ်နေတဲ့ ငြိမ်းချမ်းရေးနဲ့ ဆက်စပ်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ကဏ္ဍအလိုက် စာတမ်းတွေ တင်ပြပြီးတော့ ဒီအပေါ်မှာ အပြန်အလှန် ဆွေးနွေးတာပေါ့နော်။ အဓိက ဆွေးနွေးတဲ့ ကဏ္ဍတွေကတော့ ငြိမ်းချမ်းရေးနဲ့ ဆက်စပ်နေတဲ့ Gender Issue တွေပေါ့၊ အဓိကတော့ အမျိုးသမီးရေးရာကိစ္စတွေ၊ နောက် လူငယ်ကဏ္ဍတွေ၊ သဘာဝပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ သဘာဝရင်းမြစ် စီမံခန့်ခွဲမှုတွေ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွေ၊ နောက်တခုက တရားဥပဒေ စိုးမိုးရေးပေါ့။ ကျနော်တို့ဒေသမှာရှိတဲ့ တရားဥပဒေစိုးမိုးရေး အခြေအနေနဲ့ ငြိမ်းချမ်းရေးနဲ့ ဆက်စပ်နေတဲ့ အကြောင်းတွေပေါ့။ နောက်ဆုံး ဒီကဏ္ဍတခုကတော့ အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်ရေး ကဏ္ဍပေါ့နော်။ ကျနော်တို့ အရပ်သားတွေဘက်က ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကို တဘက်တလမ်းကနေ ပံ့ပိုးပေးနိုင်တဲ့ Cease Fire Monitoring လုပ်တဲ့ ကဏ္ဍပေါ့နော်။ အဲဒါတွေ ကျနော်တို့ ဒီနှစ်ရက်တာမှာ ဆွေးနွေးခဲ့တယ်။
မေး - အခုဆို ဒါ ဒုတိယအကြိမ်ဖြစ်တော့ ပြီးခဲ့တဲ့ ပထမအကြိမ်တုန်းက ဆွေးနွေးခဲ့တာနဲ့ ဒုတိယအကြိမ် ဆွေးနွေးခဲ့တာ ပြန်ပြီး နှုန်းယှဉ်မယ်ဆိုရင် ဘယ်လိုအခြေအနေများ ရှိလဲခင်ဗျ။
ဖြေ - ပထမအကြိမ် ကျနော်တို့လုပ်တဲ့ အချိန်တုန်းက ကျနော်တို့ အရပ်ဘက်အဖွဲ့အစည်းတွေ ကိုယ်တိုင်ကိုက ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ အခြေခံသဘောတရားပေါ့နော်၊ နားလည်မှုလည်း လိုနေတာရှိတယ်။ နောက်တချက်က ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ အရင်က သိပ်မသိခဲ့တာတွေ ရှိတယ်ပေါ့။ အဲဒီအချိန်တုန်းက စပြီးတော့ လေ့လာတယ်ဆိုတဲ့ အခြေအနေပေါ့နော်။ အဲတော့ ပြီးခဲ့တဲ့ ငြိမ်းချမ်းရေးဖိုရမ်မှာဆိုရင် ငြိမ်းချမ်းရေးအပေါ်မှာ ဘယ်လိုသဘောပေါက်သလဲဆိုတာ အခြေခံကစပြီး ကျနော်တို့ တဖြည်းဖြည်းချင်း ဆွေးနွေးခဲ့တာပေါ့နော်။ အရပ်ဘက်အဖွဲ့အစည်းတွေ အခန်းကဏ္ဍတွေနဲ့ ပတ်သက်ပြီးတော့ ဘာတွေလုပ်လို့ရသလဲဆိုတဲ့ ယေဘုယျဆန်တဲ့ ဆွေးနွေးမှုတွေပဲ ကျနော်တို့ လုပ်နိုင်တယ်ပေါ့နော်။ အခု ဒီတကြိမ် ကျနော်တို့ ကျင်းပတဲ့အခါမှာ အရင်ကနဲ့မတူတာ ဘာလဲဆိုတော့ သူတို့ဆွေးနွေးချက်ကို ကြည့်ပြီးတော့လည်း ကျနော်တို့မြင်ရတဲ့ဟာက အရင်ထက်စာရင် ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ပိုပြီးတော့ သိလာတယ်။ နောက် ဒေသတွေမှာ သူတို့ကိုယ်တိုင်လုပ်နေတဲ့ ကဏ္ဍတွေကလည်းပဲ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ တနည်းတဖုံ ဆက်စပ်နေတယ်ဆိုတာကို သူတို့ ပိုပြီးတော့ သဘောပေါက်လာတယ်။ အဲတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပိုပြီးတော့ အားပေးချင်တဲ့စိတ်တွေ ရှိလာတယ်။ နောက်ပြီးတော့လည်းပဲ ရှေ့လုပ်ငန်းစဉ်တွေပေါ့၊ ပြီးခဲ့တဲ့ဖိုရမ်မှာဆိုရင် ကျနော်တို့ ယေဘုယျပဲ ဘာလုပ်သွားကြမလဲဆိုတာကို သာရာသာရာပဲ လုပ်သွားကြတာပေါ့နော်။ ဒီမှာကျတော့ ထူးခြားတာတခုကတော့ ဒီထဲမှာ တက်လာတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ အချင်းချင်းပေါ့နော်။ ကျနော်တို့ လုပ်ငန်းနယ်ပယ်တူတဲ့ အဖွဲ့တွေအားလုံး စုစည်းပြီးတော့ ဒီဖိုရမ်ရဲ့ နောက်ပိုင်းမှာ ဘာတွေလုပ်သွားမလဲဆိုတဲ့ ရှေ့လုပ်ငန်းစဉ်တွေပါ ကျနော်တို့ ဖော်ထုတ်နိုင်တယ်ဆိုတဲ့ ကွာခြားချက်လေးပေါ့နော်။ တိုးတက်မှုလေးကို ကျနော်တို့ တွေ့ရတယ်။
မေး - ခုဆို ဆရာတို့ ရှေ့လုပ်ငန်းစဉ်တွေကိုပဲ ဆရာတို့ ဆွေးနွေးနိုင်တာပေါ့နော်။ အဲဒီထဲမှာ လက်တွေ့ဖြစ်နိုင်ခြေရှိတဲ့ဟာလေးတွေကို ဥပမာနဲ့ ရှင်းပြပေးပါလား။
ဖြေ - ဥပမာတခုအနေနဲ့ပြောရရင် လက်ရှိပေါ့လေ အန်စီအေ နောက်ပိုင်းမှာ ဖွဲ့စည်းလာတဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီနဲ့ ပတ်သက်တဲ့ လုပ်ငန်းဆောင်ရွက်မှုတွေ ရှိတယ်ပေါ့နော်။ အဲမှာ ဖွဲ့စည်းလာတဲ့အခါကျရင် စောင့်ကြည့်ရေးလုပ်ငန်းတွေကို တဘက်တလမ်းကနေ ပံ့ပိုးနိုင်မယ့် အရပ်ဘက်က အရပ်သား ပစ်ခတ်ရေး စောင့်ကြည့်ရေးကိစ္စတွေပေါ့နော်၊ ဒီ Civilian Cease Fire Monitoring ကိစ္စတွေ ကျနော်တို့မှာ အစပျိုးနေတာရှိတယ်။ နောက် မွန်ပြည်နယ်မှာ ဂျေအမ်စီအက်စ်လည်းပဲ ဖွဲ့လာတဲ့အခါကျရင် ဒီအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီးတော့ အခုရှိနေတဲ့ အစိုးရဘက်ကလုပ်နေတဲ့ တရားဝင် ယန္တရားထဲကိုပေါ့ ကျနော်တို့ အရပ်ဘက်ကနေပြီးတော့ ပါဝင်ပံ့ပိုးပေးနိုင်ဖို့အတွက်ဆိုပြီးတော့ ဒီဖိုရမ်နောက်ပိုင်းမှာ သင်တန်းတွေပေါ့၊ ဒီ Monitoring သင်တန်းတွေ၊ ပြည်သူတွေကို Awareness ပေးမယ့် သင်တန်းတွေ၊ အဲဒါတွေကို ဆက်ပြီးတော့ လုပ်သွားကြမယ်ဆိုပြီးတော့ ကျနော်တို့ မြို့နယ်အလိုက်ပေါ့နော်။ အစီအစဉ်တွေ ချလိုက်နိုင်တယ်ပေါ့။
မေး - အခုလို ဆုံးဖြတ်ချက်တွေ ချမှတ်လိုက်ပြီး ရှေ့လုပ်ငန်းစဉ်တွေ အကောင်အထည် ဖော်မယ်ဆိုတော့ တဘက်မှာ ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ ဘယ်လိုလုပ်ပြီးတော့ ပူးပေါင်းပါဝင်ဖို့ အစီအစဉ်တွေ၊ ပူးပေါင်းပါဝင်ခွင့်တွေ ရှိလည်းဆိုတာ ရှင်းပြပေးပါ။
ဖြေ - “၂၁ ရာစုပင်လုံပေါ့နော်။ ဒီ ငြိမ်းချမ်းရေးညီလာခံတွေ လုပ်သွားဖို့ ရှိတယ်။ ဒါ လတ်တလော ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်တဲ့ဟာပေါ့။ ဒါကတော့ ကျနော်တို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ လုပ်သွားမယ့် အစီအစဉ်ထဲမှာ တခုပါတယ်ပေါ့။ ဒါကတော့ ဖြစ်လာမယ့် အခြေအနေလေးတွေပေါ့။ အဲတော့ လာမယ့်ကဏ္ဍတွေမှာ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကို ကျနော်တို့ပြောတဲ့အခါမှာ ဆုံးဖြတ်ချက်ချနိုင်တဲ့ ဒီဆွေးနွေးပွဲမှာ အရပ်ဘက်အဖွဲ့အစည်းတွေ ပါဝင်မယ့် နေရာတော့ မရှိဘူး။ ဒီညီလာခံနဲ့အတူ ဘေးကနေပြီးတော့ Parallel Forum အနေနဲ့ သွားပြီးတော့ ကျနော်တို့ဘက်က၊ လူထုဘက်က၊ အရပ်ဘက်အဖွဲ့အစည်းဘက်က တင်ပြဆွေးနွေးလိုတဲ့ အချက်တွေကတော့ ကျနော်တို့ တင်ပြလို့ရအောင် ဘေးကနေပြီးတော့ အပြိုင် ဒီဖိုရမ်တွေလုပ်သွားဖို့ လုပ်ထားတာရှိတယ်။ အဲလိုမျိုးဖြစ်လာတဲ့အခါကျရင် တကယ်တမ်း ဒီ စီအက်စ်အိုတွေကို ကိုယ်စားပြုနိုင်တဲ့ ပုဂ္ဂိုလ်တွေ ပါနိုင်ဖို့၊ နောက် ဒီဖိုရမ်တွေကိုလည်းပဲ ဒီ ငြိမ်းချမ်းရေးကိုပဲ တကယ် ဦးတည်သွားမယ့် Issue တွေကို ဆွေးနွေးနိုင်ဖို့၊ နောက်ပြီးတော့ ကျစ်ကျစ်လျစ်လျစ်နဲ့ အဲလိုသွားနိုင်ဖို့ ကိုယ်စားပြုမှုတွေက အစပေါ့နော်။ အဲလိုမျိုး လုပ်သွားဖို့အတွက်ကို တက်လာတဲ့ ကိုယ်စားလှယ်တွေက အခုကတည်းက ဒီဟာကို ကြိုတင်ပြီးတော့ ပြင်ဆင်တဲ့အနေနဲ့ ယာယီအလုပ်အဖွဲ့တခုပေါ့နော် တာဝန်ပေးခဲ့တာတော့ရှိတယ်။ ကျနော်တို့ရဲ့ မွန်ပြည်နယ်က အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အသံတွေနဲ့၊ ပြည်ထောင်စုအဆင့်မှာ ဒီအသံတွေ ရောက်သွားဖို့ အတွက်ကတော့ ကျနော်တို့ ကော်မတီ အနေနဲ့ပေါ့ တာဝန်ယူပြီးတော့ ပို့ဆောင်ဖို့တော့ ရှိတယ်ပေါ့နော်။
မေး - လက်ရှိ ဆရာဆိုရင်လည်း ပထမအကြိမ်ရော၊ ဒုတိယအကြိမ်ပါ ဒီကြားထဲမှာလည်း ငြိမ်းချမ်းရေးဖြစ်စဉ်ပေါ်မှာ တော်တော်လေးကို မွန်ပြည်နယ်ထဲမှာ လှုပ်ရှားဆောင်ရွက်နေတဲ့သူတယောက် ဖြစ်တယ်ဆိုတော့ မွန်ပြည်နယ်အတွင်းမှာရော ငြိမ်းချမ်းရေးဖြစ်စဉ်တွေ၊ ငြိမ်းချမ်းရေးတွေနဲ့ ပတ်သက်ပြီး ဒေသတွေမှာ ဘယ်လိုကိစ္စတွေများ ဖြစ်နေလဲဆိုတာ ဆရာ့အမြင်လေး ပြောပြပေးပါဦး။ ဆရာက ဒီအပေါ်မှာ တကယ့်ကို အထူးပြုပြီးတော့ လေ့လာနေတဲ့သူတယောက် ဖြစ်တယ်ဆိုတော့။
ဖြေ - အဓိကကတော့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပြောရရင် မွန်ပြည်နယ်မှာက တခြားသော ပြည်နယ်၊ တိုင်းနဲ့ မတူတဲ့အချက်က လက်နက်ကိုင်အကြမ်းဖက်မှု သိပ်မရှိဘူး။ အရမ်းရှားတယ်ပေါ့။ နောက်ပြီးတော့လည်းပဲ မွန်ပြည်နယ်မှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေလည်းပဲ အများကြီးရှိတယ်။ မွန်ပြည်နယ်က ကျဉ်းတယ်ဆိုပေမယ့်လည်း အဓိကကတော့ မွန်ပြည်သစ်ပါတီပေါ့။ နောက် ကေအန်ယူအဖွဲ့ ရှိတယ်။ ဒီကေဘီအေ ရှိတယ်။ နောက် ကေအန်အယ်လ်အိုဆိုလည်းပဲ သူတို့ရဲ့ ဆက်ဆံရေးရုံး ရှိတယ်ပေါ့။ အဲလို နည်းနည်းရှုပ်ထွေးတဲ့ အနေအထားလည်း တဘက်မှာရှိတယ်။ သို့သော်လည်းပဲ စောစောပိုင်းက ကျနော်ပြောသလိုပဲ၊ အကြမ်းဖက်တိုက်ခိုက်မှု ကျနော်တို့ဆီမှာ အရမ်းရှားတယ်ပေါ့နော်။ ၉၄-၉၅ ပဏာမ ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် ပထမသဘောတူညီခဲ့တဲ့ အချိန်ကစပြီး နောက်ပိုင်းမှာဆိုရင် တကယ် ကြီးကြီးမားမား ပစ်ခတ်တိုက်ခိုက်မှုဆိုတာ နှစ်ကြိမ်သုံးကြိမ်လောက်ပဲ ဖြစ်ခဲ့တာရှိတယ်။ အဲတော့ တဘက်က ပြောရင်တော့ တခြားပြည်နယ် တိုင်းလိုပေါ့နော် ဥပမာ ကချင်တို့လို၊ ကယားတို့လို အဲလိုမျိုး ဒီဘက်က ကြီးကြီးမားမားတော့ မရှိဘူး။ သို့သော်လည်းပဲ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ သွယ်ဝိုက်ပြီးတော့ ဖြစ်နေတဲ့ Issue တွေပေါ့လေ။ ခုနက ပြောသလိုပေါ့၊ အမျိုးသမီးကဏ္ဍတွေ၊ အမျိုးသမီးတွေ အကြမ်းဖက်တိုက်ခိုက်မှု ခံရတာမျိုးတွေ၊ နောက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အောက်ခြေမှာ မြေယာပြဿနာတွေပေါ့။ ဒီ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့အတူ ပါလာတဲ့ကိစ္စတွေ၊ နောက် အကြီးမားဆုံးတခုက ဘာလဲဆိုတော့ မူးယစ်ဆေးဝါး ကိစ္စပေါ့နော်။ ဒါဟာလည်းပဲ မပြေးသော်ကံရာရှိပေါ့နော်။ အဲဒီ ၉၀-၉၅ နောက်ပိုင်းမှာဆိုရင် ခုချိန်ထိ တဖြည်းဖြည်းချင်း ဒီဟာက များလာတယ်ဆိုတဲ့ အနေအထားမျိုး တွေ့ရတယ်။ အခုဆိုရင် ကျနော်တို့ပြည်နယ်မှာ နေရာအနှံ့မှာပေါ့နော်၊ ဒီ မူးယစ်ဆေးဝါး ပြဿနာတွေက မကြားချင်အဆုံးပေါ့။ ဒါတွေ ရှိနေတယ်ပေါ့လေ။ အဲဒီတော့ ကျနော်တို့အနေနဲ့ သာမန်မြင်ရင်တော့ အကြမ်းဖက်တိုက်ခိုက်မှု မရှိဘူး ဆိုပေမယ့်လည်း ငြိမ်းချမ်းရေးဖြစ်စဉ်ကို တဘက်တလမ်းကနေပြီးတော့ အတားအဆီးတွေပေါ့လေ။ အဲဒီဟာလည်းပဲ ကျနော်တို့မှာ ရှိနေတယ်ပေါ့လေ။
မေး - အခုဆိုရင် ဆရာတို့အနေနဲ့ ဘယ်လိုပြောမလဲ၊ ကောင်းမွန်တဲ့ငြိမ်းချမ်းရေး ဖြစ်စဉ်တခု ဖြစ်လာဖို့အတွက် ဒါ တွန်းနေတယ်လို့ ပြောလို့ရနိုင်မလား။
ဖြေ - အင်းပေါ့၊ ကောင်းမွန်တဲ့ ငြိမ်းချမ်းရေးဆိုတာထက်ကိုပေါ့၊ တကယ်ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တခုမှာပေါ့နော် ဒီဟာကို ဖြစ်လာဖို့အတွက် တကယ်တမ်းကျတော့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ပြည်သူတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေအားလုံး ပါဝင်ပြီး လုပ်မှပဲ အဲဒီဟာကို ရမယ်ပေါ့။ အဲဒီအတွက်ကို ကျနော်တို့က အရင်ကာလတုန်းကဆိုရင် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးပြောရင် ပြည်သူတွေနဲ့ မဆိုင်ဘူးပေါ့နော်။ အရပ်ဘက် အဖွဲ့အစည်းနဲ့လည်း မဆိုင်ဘူး ဆိုတဲ့ အယူအဆရှိခဲ့တယ်။ ဒါပေမယ့် အဲဒီဟာက စောစောပိုင်းက ကျနော်ပြောသလိုပေါ့၊ လက်နက်ကိုင်အဖွဲ့အချင်းချင်း ကြားထဲမှာ ပစ်ခတ်တိုက်ခိုက်မှုမရှိရင် ငြိမ်းချမ်းပြီဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မျိုးဆိုတာ အဲဒီအချိန်တုန်းက အဆင်ပြေတယ်။ ဒါပေမယ့် တကယ်တမ်း ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပြောတဲ့အခါမှာ ပြည်သူတွေပါဝင်ဖို့ အရမ်းအရေးကြီးတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေ ပါဖို့လိုတယ်။ အဲဒီအတွက် ကျနော်တို့ကတော့ ကိုယ်နားလည်သလောက်ပေါ့နော် ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး အရမ်းကြီး နားမလည်သေးဘူး။ ဒါပေမယ့် အဲဒီယူဆချက်တခု၊ ယုံကြည်ချက်တခု ရှိတဲ့အတွက် ပြည်သူတွေ ပါလာနိုင်အောင် ကျနော်တို့ ကြားခံအနေနဲ့ လမ်းဖွင့်ပေးတယ်။ ကျနော်တို့ သိသလောက်ကို ကျနော်တို့ လမ်းဖွင့်ပေးတယ်။ တချို့ကဏ္ဍတွေမှာဆိုရင် လုပ်မယ့်သူမရှိတဲ့ဟာမျိုးတွေ ဖြစ်တဲ့ ကဏ္ဍတွေမှာဆိုရင် ကျနော်တို့ကိုယ်တိုင် တာဝန်ယူပြီးတော့ လုပ်ရင်းနဲ့ပေါ့နော်၊ သင်ယူရင်း လုပ်ရင်းနဲ့ အဲလို ကျနော်တို့ လုပ်ပေးခဲ့တာရှိတယ်။ အဓိကကတော့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပြည်သူတွေပါပြီးတော့ ခုနပြောတဲ့ ဒီဖြစ်စဉ်ကို အဓိပ္ပာယ်ရှိရှိနဲ့ ဖန်တီးနိုင်ဖို့ အဲဒီအတွက် ကျနော်တို့ လုပ်နေကြတာပေါ့လေ။