အိမ်သာတက်ရင်း မြွေဟောက်ကိုက်ခံရသူ သံဃာတော်တပါးကြောင့် အသက်ချမ်းသာရ

ဓာတ်ပုံ - ထိုင်းရတ်
1.5K
ထိုင်းနိုင်ငံ ပကျွတ်ခရီခန်ခရိုင်မှာ အိမ်သာသွားတက်တဲ့ အမျိုးသားတဦးကို မြွေဟောက် အကိုက်ခံခဲ့ရပါတယ်။
ဇွန် ၇ ရက်က အသက် ၅၆ နှစ်အရွယ် အာပေါင်း ဂျန်ဆင်းဟာ ဆောင့်ကြောင့်ထိုင် အိမ်သာတက်ပြီးလို့ ရေနဲ့ သန့်ရှင်းရေးလုပ်နေတဲ့ အချိန်မှာ မြွေက ၂ ကြိမ် ကိုက်ခဲ့တာပါ။
အကိုက်ခံရလို့ လန့်ဖြန့်ပြီး ထတဲ့အချိန်မှာတော့ မြွေက ထွက်ပြေးသွားတယ်လို့ သူက ဆိုပါတယ်။
မြွေကိုက်ခံရတဲ့အတွက် သူ့ကို အနီးက ၀ပ်နောင်ဟွိုင် ဘုန်းကြီးကျောင်းကို ပို့ပေးဖို့ အာပေါင်းက ပြောဆိုခဲ့ပါတယ်။
ဝပ်နောင်ဟွိုင် ဘုန်းကြီးကျောင်းက ဘုန်းကြီးဟာ မြွေကိုက်တာကို ကုသရာမှာ ကျွမ်းကျင်ပြီး နာမည်ကျော်ပါတယ်။
ဒီနောက် ဘုန်းတော်ကြီးက ရိုးရာနည်းကို အသုံးပြုပြီး ကုသပေးရာမှာ မြွေကိုက်ခံရတဲ့ ဒဏ်ရာထဲက အမည်းရောင် အရည်တွေ ကျလာတယ်လို့ ဆိုပါတယ်။
မိနစ် ၃၀ အကြာမှာတော့ အာပေါင်းက နေထိုင်ကောင်းသွားသလို သူကြုံတွေ့ရတဲ့ ဖြစ်ရပ်ကို လူတွေကို ပြန်ပြောပြခဲ့ပါတယ်။
အရင်ရက်ပိုင်းကလည်း ထိုင်းနိုင်ငံမှာ အိမ်သာတက်နေတဲ့ အမျိုးသားရဲ့ လိင်အင်္ဂါကို စပါးအုံးမြွေတကောင် ကိုက်ခဲ့သလို အိမ်သာတက်တဲ့ ခွက်အတွင်းက မြွေတကောင်ကို ဖမ်းဆီးမိတဲ့ ဖြစ်ရပ်တွေလည်း သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။