အီးယူစစ်ဘက်ဆိုင်ရာအကြီးကဲ မြန်မာ အရပ်ဘက်၊ စစ်ဘက်ခေါင်းဆောင်များနှင့် ဆွေးနွေး

1.1K
ဥရောပသမဂ္ဂ (အီးယူ) အဖွဲ့ဝင် ၂၈ နိုင်ငံတို့ရဲ့ ကာကွယ်ရေး အကြီးအကဲတွေကို ကိုယ်စားပြုတဲ့ ဥရောပသမဂ္ဂ စစ်ဖက်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Mikhail Kostarakos ဟာ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ပြီး အရပ်ဘက်၊ စစ်ဘက် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးပါတယ်။
အီးယူကိုယ်စားလှယ်အဖွဲ့ဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ ဇွန် ၆ ရက်နေ့က တွေ့ဆုံခဲ့ကြပါတယ်။
စစ်ဖက်ဆိုင်ရာ အုပ်ချုပ်ရေးကနေ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ဆီသို့ ကူးပြောင်းရာမှာ ဥရောပသမဂ္ဂအနေနဲ့ ဖြတ်သန်းခဲ့ရတဲ့ သမိုင်းဆိုင်ရာ အတွေ့အကြုံတွေကနေ အမြင်တွေ ဖလှယ်ခြင်းနဲ့ ပိုမိုပူးပေါင်းဆောင်ရွက်ခြင်း ဆိုင်ရာကိစ္စတွေကို ဆွေးနွေးနိုင်ဖို့ မြန်မာခေါင်းဆောင်တွေကို ကမ်းလှမ်းခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးက ထုတ်ပြန်ပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံပွဲမှာ အီးယူ - မြန်မာနိုင်ငံ ဆက်ဆံရေး၊ အီးယူ-မြန်မာ့တပ်မတော်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဗိုလ်ချုပ်မှူးကြီးရဲ့ ဖေ့စ်ဘွတ်ခ်မှာ ရေးသားထားပါတယ်။
ဇွန် ၆ ရက်နေ့ မနက်ကလည်း ဂျပန်ကာကွယ်ရေးဝန်ကြီး ဂဲန်းနာကာ့တာနိ(Gen Nakatani) ဟာ နိုင်ငံတော်အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံပြီး ဂျပန်ကိုယ်ပိုင် ကာကွယ်ရေးတပ်ဟာ သဘာဝဘေးကယ်ဆယ်ရေးလုပ်ငန်းနဲ့ပတ်သက်ပြီး မြန်မာ့တပ်မတော်ကို အကူအညီပေးမယ်လို့ ပြောဆိုခဲ့ပါတယ်။
ဂျပန် ကာကွယ်ရေးဝန်ကြီးနဲ့ ဒုကာကွယ်ရေးဝန်ကြီးတို့ဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံပြီး ငြိမ်းချမ်းရေးမှာ၊ ဂျပန်နိုင်ငံက ပါဝင်ကူညီဆောင်ရွက်နေမှု အခြေအနေတွေနဲ့ ဂျပန်-အာဆီယံ ကာကွယ်ရေးဝန်ကြီးတွေ အစည်းအဝေးကိစ္စနဲ့ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးကြပါတယ်။