၂၀၃၀ တွင် မြန်မာပြည်ဒေသအားလုံး လျှပ်စစ်မီးရရှိရေး စီမံချက်ရေးဆွဲပြီးစီး
DVB
·
June 7, 2016
၂၀၃၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံအတွင်း ဒေသတွေအားလုံးမှာ လျှပ်စစ်ဓာတ်အားအပြည့်အဝ ရရှိစေဖို့ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံချက်ကို ကမ္ဘာ့ဘဏ်နဲ့ ပူးပေါင်းရေးဆွဲခဲ့ပြီးဖြစ်တယ်လို့ လျှပ်စစ်နှင့်စွမ်းအင် ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက ပြောပါတယ်။
ဒီကနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ သနပ်ပင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးမြင့်ဦးက ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီးသုံးစွဲနေရတဲ့ သနပ်ပင်မြို့နယ်ရှိ ကျေးရွာတွေအတွက် လျှပ်စစ်မီးလင်းရေး ကုန်ကျစရိတ်ထက်ဝက်ကို နိုင်ငံတော်က ကျခံပေးနိုင်ခြင်းရှိ/မရှိ မေးမြန်းခဲ့တာနဲ့ ပတ်သက်လို့ ၀န်ကြီးက ပြောသွားတာလို့ ပြည်သူ့လွှတ်တော်ဝက်ဆိုက်မှာဖော်ပြပါတယ်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ မဟာဓာတ်အားလိုင်း (National Grid) မှတစ်ဆင့် တိုးချဲ့ဓာတ်အားပေးတာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေနဲ့ မဟာဓာတ်အားလိုင်း ပြင်ပစနစ် (Off-Grid) မှ ဓာတ်အားပေးတာတွေ ဆောင်ရွက်နေတဲ့အပြင် ကမ္ဘာ့ဘဏ်ချေးငွေနဲ့ ကျေးရွာတွေ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနိုင်ဖို့ ဆောင်ရွက်နေတာနဲ့ တပြိုင်နက်ထဲမှာ ပြည်ထောင်စုဘတ်ဂျက်၊ ပြည်နယ်တိုင်းဘတ်ဂျက်တွေနဲ့ ဓာတ်အားဖြန့်ဖြူးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် မဟာဓာတ်အားလိုင်းမှ ၂ မိုင်အထိ လျှစ်စစ်မီးသွယ်တန်းခြင်းလုပ်ငန်းတွေကို ၂ နှစ်အတွင်း အပြီးဆောင်ရွက်မည်သွားမယ်၊ ဒီနောက် ၅ မိုင်၊ ၁၀ မိုင်အထိအဆင့်လိုက် ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။
ထရန်စဖော်မာကြီးတွေ ပြန်လည်တပ်ဆင်ခြင်းလုပ်ငန်းတွေကိုလည်း ကမ္ဘာ့ဘဏ်နဲ့ ညှိနှိုင်း ဆက်လက်ဆောင်ရွက်သွားမယ် ကိုယ့်အားကိုယ်ကိုး မီးလင်းရေးကိစ္စနဲ့ ပတ်သက်လို့ အစိုးရက သက်ဆိုင်ရာ ကျေးရွာတွေကို လိုအပ်တဲ့နည်းပညာအကူအညီတွေ ထောက်ပံ့ပေးမယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက လွှတ်တော်မှာ ပြောသွားပါတယ်။