ဂျပန်၊ အမေရိကန်၊ တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်ရန် သဘောတူ

တောင်ကိုရီးယားစစ်သားများ စစ်ရေးလေ့ကျင့်နေစဉ်။ (ဓာတ်ပုံ - စီအန်အန်)
1K
မြောက်ကိုရီးယားနိုင်ငံရဲ့ ဒုံးကျည်ပစ်လွှတ်မှုတွေကို တုံ့ပြန်မှုအဖြစ် ဂျပန်၊ အမေရိကန်ပြည်ထောင်စုနဲ့ တောင်ကိုရီးယား သုံးနိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ဖို့ ဇွန်လ ၄ ရက်က သဘောတူခဲ့ကြပါတယ်။
ဂျပန်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးနာကတနိ၊ အမေရိကန်ကာကွယ်ရေးဝန်ကြီး အက်ရှ်ကာတာနဲ့ တောင်ကိုရီယား ကာကွယ်ရေးဝန်ကြီး ဟန်မင်ကိုးတို့ဟာ စင်ကာပူနိုင်ငံ တွေ့ဆုံပွဲမှာ သဘောတူခဲ့ကြတာဖြစ်တယ်လို့ ဂျပန်သတင်းတွေမှာ ဖော်ပြပါတယ်။
ဒါဟာ မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်မှုတွေအပေါ် ပြန်လည်တုံ့ပြန်မှုတခုဖြစ်ပြီး ပထမဆုံး သုံးနိုင်ငံပူးတွဲပြီး ဒုံးကျည်ကာကွယ်ရေးအတွက် လေ့ကျင့်မှု ဖြစ်ပါတယ်။
ဂျပန်နဲ့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးနှစ်ဦး သီးခြားတွေ့ဆုံခဲ့ကြရာမှာလည်း သူတို့နှစ်ဦးအကြား အရေးပေါ်အခြေအနေမှာ တိုက်ရိုက်ဆက်သွယ်နိုင်မယ့် Hot Line အသစ်တခု အပါအ၀င် နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနအကြား အရေးပေါ် ဆက်သွယ်ရေးစနစ်ကို တိုးချဲ့ဖို့ သဘောတူခဲ့ကြပါတယ်။
မြောက်ကိုရီးယားနိုင်ငံက ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်မှု၊ နျူကလီးယား စမ်းသပ်မှုတွေကြောင့် ဒီနှစ် ဇန်န၀ါရီလကစလို့ ဒေသတွင်းမှာ တင်းမာမှုတွေ မြင့်တက်လာနေတာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံက စမ်းသပ်ပစ်လွှတ်တဲ့ ဒုံးကျည်ဟာ အမေရိကန်ပြည်ထောင်စု ဂူအမ်ကျွန်းထိ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းနေပြီး ခုထိတော့ အောင်မြင်မှု မရသေးဘူးလို့ ဆိုပါတယ်။
ဂျပန်ကာကွယ်ရေးဝန်ကြီးက မြောက်ကိုရီးယားရဲ့ ဒုံးကျည်နဲ့ နျူကလီးယား အစီအစဉ် သတင်းလို ထိလွယ်ရှလွယ် သတင်းတွေကို ဆက်လက် မျှဝေသွားမယ်လို့ ပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံသားတချို့ ကြားမှာတော့ တချိန်တုန်းက ကိုလိုနီပြုခဲ့တဲ့ ဂျပန်နိုင်ငံနဲ့ လုံခြုံရေး သဘောတူညီချက် လက်မှတ်ရေးထိုးမှုတွေအပေါ် စိုးရိမ်ပူပန်မှုတွေ ထုတ်ဖော်ပြောဆိုမှု ရှိပါတယ်။
အမေရိကန်ပြည်ထောင်စုက တောင်ကိုရီးယားနိုင်ငံမှာ ဒုံးကျည်ကာကွယ်ရေးစနစ် ဖြန့်ကျက်မယ့် အစီအစဉ်ကို ထုတ်ဖော်ပြောဆိုထားသလို တရုတ်နိုင်ငံက ဒီလိုဖြန့်ကျက်မယ်ဆိုရင် ကိုရီးယားကျွန်းဆွယ် တည်ငြိမ်ရေးကို ပိုမိုဆိုးဝါးစေလိမ့်မယ်လို့ သတိပေး ပြောဆိုထားပါတယ်။