A d v e r t i s e m e n t With Us

ဂျာမနီဝန်ကြီးချုပ် ကမ္ဘာ့သြဇာအကြီးဆုံး အမျိုးသမီးအဖြစ် ၆ နှစ်ဆက် ရွေးချယ်ခံရ

ဓာတ်ပုံ - ရိုက်တာ
ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်ဟာ အခုနှစ်ရဲ့ ကမ္ဘာ့သြဇာအကြီးဆုံး အမျိုးသမီး ၁၀၀ ရဲ့ ထိပ်ဆုံးက အမျိုးသမီးအဖြစ် ၆ နှစ်ဆက်တိုက် ရွေးချယ်ခံရပါတယ်။ ကမ္ဘာ့သြဇာအကြီးဆုံး အမျိုးသမီး ၁၀၀ စာရင်းကို အမေရိကန် မဂ္ဂဇင်းကြီးတစောင်ဖြစ်တဲ့ ဖော့ဘက်စ် (Forbes) မဂ္ဂဇင်းကြီးက နှစ်စဉ်ရွေးချယ်ဖော်ပြနေပြီး အခုနှစ်မှာတော့ နိုင်ငံပေါင်း ၂၉ နိုင်ငံက နိုင်ငံ့ခေါင်းဆောင် အမျိုးသမီးတွေ၊ စီးပွားရေး၊ နည်းပညာနဲ့ ပရဟိတ ကဏ္ဍတွေမှာ ဦးဆောင်နေတဲ့ အမျိုးသမီး ခေါင်းဆောင်တွေထဲက ရွေးချယ်ခဲ့တာပါ။ အခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ ဟီလာရီကလင်တန်လည်း ကမ္ဘာ့ ဒုတိယသြဇာအကြီးဆုံး အမျိုးသမီးအဖြစ် ၂ နှစ်ဆက်တိုက် ရွေးချယ်ခံရပါတယ်။ တတိယနေရာမှာတော့ အမေရိကန် ဗဟိုဘဏ်ဥက္ကဋ္ဌ ဂျနက် ရဲလ်လန် (Janet Yellen) က ရွေးချယ်ခံရပါတယ်။ အခုနှစ်စာရင်းမှာ တရုတ်နိုင်ငံက အမျိုးသမီးစွမ်းဆောင်ရှင်တွေ အရင်နှစ်တွေနဲ့စာရင် အများဆုံး ရွေးချယ်ခံရပြီး ဗြိတိန်နိုင်ငံက အမျိုးသမီးခေါင်းဆောင်တွေလည်း စံချိန်တင် ပါဝင်လာပါတယ်။ အရေအတွက် အများဆုံးကတော့ အမေရိကန်ပြည်ထောင်စုကဖြစ်ပြီး ၅၁ ဦး ပါဝင်ပြီး တရုတ်နိုင်ငံကတော့ ဒုတိယအများဆုံး ပါဝင်ပါတယ်။ ဒီအမျိုးသမီးတွေဟာ ကမ္ဘာ့ငွေကြေးရဲ့ ၁ ထရီလီယံကို စီမံခန့်ခွဲနေသူတွေဖြစ်ပြီး ကမ္ဘာတ၀န်းက လူဦးရေ ၃ ဒသမ ၆ ဘီလီယံအပေါ် လွှမ်းမိုးမှုရှိသူတွေဖြစ်တယ်လို့ ဖော့ဘ်စ်မဂ္ဂဇင်းက ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up