Home
သုံးသပျခကျြ
အစိုးရသစ်ရဲ့ ငြိမ်းချမ်းရေး အခင်းအကျင်း - အယ်ဒီတာစကားဝိုင်း
DVB
·
June 7, 2016
ဒီတပတ် ကျနော်တို့ ဆွေးနွေးမယ့် အကြောင်းအရာကတော့ အခုအစိုးရသစ်လက်ထက်မှာ အသစ်ပြန်လည်ဖွဲ့စည်းလိုက်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနရဲ့ နောက်ထပ်တခုကတော့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ၊ ၂၁ ရာစု ပင်လုံ အကြိုပြင်ဆင်ရေးကော်မတီပေါ့၊ ဇွန်လ ၃ ရက်နေ့မှာဆိုရင် ချင်းမိုင်မှာ ညီညွတ်သော တိုင်းရင်းသားအဖွဲ့ (ယူအန်အက်ဖ်စီ) နဲ့ စတင်ဆွေးနွေးနေပါတယ်။ အဲတော့ ဒီအစိုးရသစ်ရဲ့ ဖြစ်လာနိုင်တဲ့ ငြိမ်းချမ်းရေး အခင်းအကျင်းတွေကို ကျနော်တို့ ဒီနေ့စကားဝိုင်းက ဆွေးနွေးသွားမှာပါ။ ဒီတပတ် ဆွေးနွေးဖို့ ဖိတ်ခေါ်ထားသူတွေကတော့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဆရာသန်းစိုးနိုင်နဲ့ ယခင်သင့်ဘ၀မဂ္ဂဇင်း အယ်ဒီတာ ဆရာတင်မောင်သန်းတို့ ဖြစ်ပါတယ်။ ဦးတိုးဇော်လတ် (ဒီဗွီဘီ) "ဆရာတို့အားလုံး သိကြတဲ့အတိုင်းပဲ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ သမ္မတဦးထင်ကျော် အစိုးရအဖွဲ့မှာ ပထမဦးဆုံးလုပ်တဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲပေါ့နော်။ ခုနပြောတဲ့ ၂၁ ရာစု ပင်လုံပဲခေါ်ခေါ်၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံပဲခေါ်ခေါ် အဲဒါကိုလုပ်ဖို့တော့ စပြင်နေပြီ။ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်တဲ့အဖွဲ့က ဆွေးနွေးနေပါတယ်။ အဲတော့ အခု ခြေလှမ်းသစ်ကနေပြီးတော့ ဘာတွေဖြစ်လာနိုင်လဲ။ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ဘာတွေမျှော်လင့်နိုင်လဲ။ အဲဒါလေးကို စပြီး ဆွေးနွေးပေးပါဦး။" ဦးသန်းစိုးနိုင် (နိုင်ငံရေးလေ့လာသုံးသပ်သူ) “ယူအန်အက်ဖ်စီနဲ့ ဆွေးနွေးတာကတော့၊ ယူအန်အက်ဖ်စီ ဆိုပေမယ့် ဒီထဲမှာလည်း ကျနော်တွေ့ရသလောက်တော့ အရေးကြီးတဲ့ အန်စီအေ လက်မှတ်မထိုးရသေးတဲ့ အင်အားစုတွေလည်း ဖြစ်တဲ့အတွက် အခုဆွေးနွေးပွဲဖြစ်စဉ် အောင်မြင်ရေးအတွက် ဒီ ယူအန်အက်ဖ်စီနဲ့ ဆွေးနွေးပွဲက တော်တော်လေး အရေးကြီးတယ်လို့ ပြောနိုင်ပါတယ်။ နောက် ဒီဆွေးနွေးပွဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်ချက်အရပေါ့။ ဆိုလိုတာက အန်စီအေမှာ လက်မှတ်မထိုးတဲ့ အဖွဲ့တွေနဲ့ လက်မှတ်ထိုးတဲ့အဖွဲ့တွေကို ကျနော်တို့ သီးသန့် တဖွဲ့စီ ခွဲခြားပြီးတော့ ဆွေးနွေးမယ်။ ဒီနေ့အခြေအနေနဲ့ အကိုက်ညီဆုံး ပုံသဏ္ဌာန်လို့ ကျနော်ယူဆပါတယ်။ ဒါပေမယ့် ဒီမှာ အဓိကညှိရမယ့် ပြဿနာက ကျနော်ထင်တာကတော့ အန်စီအေ လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေကို အန်စီအေ လက်မှတ်ထိုးလာအောင် ကျနော်တို့ ကြိုးပမ်းမှာလား၊ ဒါမှမဟုတ် လာမယ့် ၂၁ ရာစု ပင်လုံညီလာခံဟာ ကျနော်တို့ အန်စီအေ လက်မှတ်ထိုးခြင်း၊ မထိုးခြင်းနဲ့ မသက်ဆိုင်ဘဲနဲ့ အားလုံးပါဝင်ရေးမူအရ ကျနော်တို့ ညှိနှိုင်းဆွေးနွေးနိုင်မှာလား။ ကျနော်တို့ကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးစိတ်ဓာတ်နဲ့ ဆိုရင်တော့ အားလုံးပါဝင်ရေးမူကို ညှိနှိုင်းနိုင်ရင်တော့ အကျိုးရှိမယ်လို့ ကျနော်ထင်ပါတယ်ခင်ဗျ။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) "ဟုတ်ကဲ့ ဆရာပြောသလိုပါပဲ ဆရာတင်မောင်သန်းရေ။ တကယ်တမ်းတော့ ကျနော်တို့က ရင်ကြားစေ့ရေးကို သွားမှာလား၊ အပစ်အခတ်ရပ်စဲရေးကို သွားမှာလား၊ ပင်လုံညီလာခံရဲ့ သဘောကတော့ ရင်ကြားစေ့ရေးကို ဦးတည်သလို လက်မှတ်မထိုးသေးတဲ့ သူတွေကတော့ အပစ်အခတ်ရပ်စဲရေးနဲ့ သွားဆိုင်တာပေါ့။ အခု တွေ့ဆုံမှု ခြေလှမ်းသစ်ကနေ ဘယ်ဟာတွေကို ဦးစားပေးလုပ်သင့်တယ်၊ တကယ်တမ်း ဘာတွေများ မျှော်လင့်နိုင်လဲဆိုတာ ဖြည့်စွက်ပြောပေးပါဦး။" ဦးတင်မောင်သန်း (အယ်ဒီတာ၊ ယခင်သင့်ဘ၀မဂ္ဂဇင်း) “ယေဘုယျအားဖြင့်တော့ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ ရှိမယ်လို့ထင်တယ်။ ဘာကြောင့်လဲဆိုရင် အခြေခံအားဖြင့် အန်စီအေကို စာသားအားဖြင့် အကုန်လုံးက အရင်တုန်းကတည်းက သဘောတူခဲ့ကြပြီးပြီပေါ့ဗျာ။ အဲဒီမှာ ကျန်နေခဲ့တဲ့ ပါတီသုံးပါတီပေါ့နော်။ လက်ခံရေး၊ လက်မခံရေးဆိုတဲ့ ပြဿနာကပဲဖြစ်တယ်။ တပြိုင်တည်းမှာပဲ ဒီပါတီသုံးပါတီကလည်း ယူအန်အက်ဖ်စီကနေထွက်ဖို့ သူတို့ဘာသာသူတို့ ဆုံးဖြတ်ထားပြီးသား  ဖြစ်တဲ့အတွက်ကြောင့် ယေဘုယျအားဖြင့်ဆိုရင်တော့ ကျနော်တို့ ရှေ့ဆက် လျှောက်သွားနိုင်တဲ့ အခြေခံတွေ ရှိပြီးသားလည်း ဖြစ်တယ်။ တဘက်ကလည်း ဒီလိုလျှောက်သွားနိုင်အောင်အတွက် သူတို့ဘက်က ဆုတ်ပေးတန်ရင် ဆုတ်ပေးမယ်ဆိုတဲ့ အနေအထားတွေ ရှိတဲ့အတွက် ယေဘုယျအားဖြင့် အပြုသဘော ကျနော်ကတော့ အများကြီးမြင်ပါတယ်။ ကောင်းလိမ့်မယ်လို့ ထင်ပါတယ်။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) "နောက်ထပ်တခု ဒီခြေလှမ်းသစ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်က ယူအန်အက်ဖ်စီ ညီညွတ်သောတိုင်းရင်းသားများတင် မဟုတ်ဘဲ အခြား ကျန်နေသေးတဲ့ ဥပမာ မြောက်ပိုင်းတခြမ်းလုံးပေါ့။ အဲဒါတွေကိုပါ ၂ ပတ်အတွင်း သွားပြီးဆွေးနွေးဖို့လို့ လမ်းညွှန်ထားတယ်လို့ ကြားပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ဆရာ့အနေနဲ့ မြောက်ပိုင်း၊ အထူးသဖြင့် ၀ တို့၊ မိုင်းလားတို့မှာ တကယ်တမ်း ညီလာခံ တက်လာနိုင်ခြေ၊ ပါဝင်နိုင်ခြေပေါ့နော်။ ဘာကြောင့်လဲဆိုတော့ ပထမ အန်စီအေ တပိုင်းတုန်းက မြောက်ပိုင်းတခုလုံး ကျန်ခဲ့တယ်။ အခုအခြေအနေမှာကော ပါလာနိုင်ခြေ ဘယ်လောက်ရှိလဲ။ ဘာတွေလုပ်ဖို့ လိုမယ်ဆိုတာလေးကို ပြောပြပေးပါဦး။" ဦးသန်းစိုးနိုင် (နိုင်ငံရေးလေ့လာသုံးသပ်သူ) “မြောက်ပိုင်းမှာဖြစ်နေတဲ့ စစ်ရေးပဋိပက္ခတွေနဲ့ ပတ်သက်ပြီးတော့ အဲဒီနေရာမှာ ဆက်စပ်မှုရှိနေတာ။ နောက်ပြီးတော့ အစဉ်အလာအရလည်း သြဇာအရှိန်အ၀ါရှိနေတဲ့ အဖွဲ့အစည်းကတော့ ယူဒဗလျူအက်စ်အေ ၀ အဖွဲ့အစည်းပါပဲ။ မိုင်းလားအဖွဲ့ဆိုတာလည်း ၀ အဖွဲ့နဲ့ မဟာမိတ်ပဲ။ သို့သော် တချိန်တည်းမှာ သူက ယူအန်အက်ဖ်စီအဖွဲ့ထဲမှာ မပါဘူး။ သို့သော် သူက တဘက်က ရပ်ခံထားတာက သူဟာ အန်စီအေမှာ ပါဝင်စရာမလိုဘူး။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရနဲ့ တရားဝင် ငြိမ်းချမ်းရေး ရယူထားပြီးသားဖြစ်တယ်။ အဲဒါကြောင့်မို့ သူ့အနေနဲ့က နိုင်ငံရေးဆွေးနွေးပွဲ လုပ်မယ်ဆိုရင် သူ့အနေနဲ့ ပါဝင်ဖို့ အသင့်ရှိတယ်။ ပါဝင်လိုတဲ့ဆန္ဒ ရှိတယ်ဆိုတာလည်း ပြောပြီးသား။ နောက် ပြီးခဲ့တဲ့ လအတွင်းမှာပဲ ကြေညာချက်တခု ထုတ်ပြန်တယ်၊ ဒေါ်အောင်ဆန်းစုကြည် အဖွဲ့အစည်းတွေ ဖွဲ့စည်းကြောင်း ကြေညာပြီးတဲ့အချိန်မှာ။ ဆိုလိုတဲ့သဘောကတော့ ဘာပဲဖြစ်ဖြစ် ကျနော်တို့ ၂၁ ရာစုပင်လုံကို ကြိုဆိုတယ်။ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်မှုအောက်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေး စိတ်ဓာတ်နဲ့ ကျနော်တို့ ပင်လုံညီလာခံရဲ့ အစဉ်အလာကို ဆက်လက် အကောင်အထည်ဖော်မယ့် အချိန်မှာ သူတို့ ပါဝင်ဖို့ အသင့်ရှိနေတယ် ဆိုတဲ့အကြောင်း ပြောပြီးသားပါ။ ဒါကြောင့် ဒီ ၀ အဖွဲ့ ပါဝင်လာဖို့အတွက် သွားရောက်ဆွေးနွေးဖို့လည်း လိုအပ်တယ်။ နောက် အဲဒီက ထွက်လာနိုင်တဲ့ အလားအလာလည်း ကောင်းတယ်လို့ ယေဘုယျအားဖြင့် မြင်ပါတယ်ခင်ဗျ။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) "ဟုတ်ကဲ့ ဆရာကတော့ မြောက်ပိုင်းကလူတွေ ပြောသလို ဒေါ်အောင်ဆန်းစုကြည်ကလည်း စီအက်စ်အိုတွေရဲ့ အခန်းကဏ္ဍကို ဒီညီလာခံနဲ့ ပတ်သက်လို့ ပြောပါတယ်။ သူပြောပုံကတော့ စင်ပြိုင်ပုံစံ လုပ်သွားပါ။ ပြီးတော့မှ အဲဒီကဟာကို နားထောင်ရမယ်ပေါ့နော်။ အဲလိုပဲ နိုင်ငံရေးပါတီတွေလည်း အနိုင်ရထားတဲ့သူတွေတော့ ပါမယ်။ အကုန်လုံး နိုင်ငံရေးပါတီ ၉၀ ကျော်လောက်ကြီး အစုအဖွဲ့အနေနဲ့တော့ မဖြစ်ဘူးပေါ့နော်။ အဲ့တော့ဆရာ တကယ်လက်တွေ့ကျကျ တကယ် Inclusive ဖြစ်နိုင်အောင် ဘာတွေများ ထပ်ပြီးတော့ ညှိနှိုင်းဖို့လိုမလဲ။ ခုနပြောတဲ့ စီအက်စ်အိုတွေကော၊ ခုနပြောသလို လက်နက်ကိုင်တင် မဟုတ်ဘဲနဲ့ State Holder လို့ခေါ်တဲ့ ပါဝင်သင့် ပါဝင်ထိုက်တဲ့ အခြားအခြေအနေတွေမှာ ဘယ်လိုလုပ်လဲ။ ဗမာပြည်ရဲ့ ၂၁ ပင်လုံဟာ ဘာတွေလုပ်ပေးသင့်လဲ ဆိုတာကို ဆရာ ဖြည့်စွက်ပြီး ပြောပေးပါဦး။" ဦးတင်မောင်သန်း (အယ်ဒီတာ ယခင်သင့်ဘ၀မဂ္ဂဇင်း) “ယေဘုယျအားဖြင့်တော့ ပါဝင်သင့် ပါဝင်ထိုက်တဲ့သူတွေ ပါဝင်ရေးမူဆိုတာ ၂ ဆင့်၊ ၂ မျိုး ရှိမယ်ထင်တယ်။ ပထမ မူလဘူတ ပါဝင်သင့် ပါဝင်ထိုက်တဲ့ ပါဝင်ပတ်သက်နေတဲ့သူတွေ။ ဒါတွေကတော့ ခုနက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပေါ့။ ဒုတိယကတော့ ဒုတိယအနေအထားအရ ပါဝင်သင့် ပါဝင်ထိုက်တဲ့ စီအက်စ်အိုတွေပါမယ်။ လူထုကိုယ်စားပြုထားတဲ့ နိုင်ငံရေးပါတီတွေ ပါမယ်ပေါ့နော်။ ဆိုတော့ အခု ဒီမူအတိုင်းပဲ သွားနေတယ်လို့ထင်တယ်။ ယေဘုယျအားဖြင့် အခြားနိုင်ငံတွေမှာ လုပ်ပြီဆိုရင် နည်းနည်းနဲ့ကျဲကျဲ ၀ိုင်းတယ်။ ကျနော်တို့ များသောအားဖြင့် စေ့စပ်ညှိနှိုင်းကြတဲ့သူတွေက အခု ဆရာတင်မျိုးဝင်းတို့ သွားတွေ့နေကြသလိုပဲ။ အရင်ဆုံး သဘောတူညီချက်တွေရအောင် ယူရတယ်။ ယူပြီးတော့မှ နိုင်ငံရေးနဲ့ ပတ်သက်တဲ့သူတွေက သဘောတူညီချက်ကို  အရင်ယူပြီးတော့မှ ဒီသဘောတူညီချက်အပေါ်မှာ စီအက်စ်အိုတွေကို ပြန်တိုင်ပင်တယ်။ ဒါပေမယ့် အခုအဆင့်မှာက အပစ်အခတ်ရပ်စဲရေးကို သွားနေတဲ့ အဆင့်ဖြစ်တဲ့အတွက်ကြောင့် စီအက်စ်အိုတောင်မှပဲ ပါဖို့လိုကောင်းမှလိုမယ်။ ဒါပေမယ့် ကျနော်တို့ ဒုတိယပင်လုံညီလာခံ နိုင်ငံရေးစကားဝိုင်း ပြောကြပြီဆိုရင်တော့ တနိုင်ငံလုံးရဲ့ နိုင်ငံရေးအနေအထားကို ပြောတာဖြစ်တဲ့အတွက်ကြောင့် ဒါဆိုရင်တော့ စီအက်စ်အိုတွေရဲ့ အခန်းကဏ္ဍက အရေးပါလာတယ်ပေါ့၊ သူတို့ပါထိုက်တယ်။ ဒါ အပြိုင်သွားမယ်ဆိုရင်လည်း ပထမဆုံး ဒီဘက်မှာ နိုင်ငံရေးမူလဘူတ ပါဝင်ပတ်သက်ကြတဲ့ သူတွေထဲမှာ သဘောတူညီမှု အရင်ရအောင်ယူ။ ပြီးတော့ နားထောင်ကြ။ ဒါလည်း ပိုပြီးတော့ ထိရောက်ကောင်း ထိရောက်နိုင်မယ်လို့ ကျနော်ထင်ပါတယ်။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) "နောက်တခုကတော့ တပ်မတော်ရဲ့ အခန်းကဏ္ဍပေါ့ဗျာ။ တပ်မတော်ကလည်း ဒီထဲမှာဆိုရင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့ ဘာတို့လည်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ဖြစ်မြောက်ရေးထဲမှာ ပါလာတယ်ပေါ့။ အဲလိုပဲ မကြာခင်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း သတင်းစာရှင်းလင်းပွဲတခုမှာ ပြောတယ်။ ထာဝရငြိမ်းချမ်းရေးရရင် သူတို့အနေနဲ့ တပ်မတော်အနေနဲ့ နောက်ပိုင်းမှာ ပါချင်မှတောင် ပါတော့မယ်။ လွှတ်တော်ထဲကတောင်မှ ဆုတ်ပေးသွားနိုင်တယ်ဆိုတဲ့ ပုံစံမျိုး၊ တကယ်တမ်းတော့ ဗမာ့နိုင်ငံရေးမှာ စစ်တပ်ပါမှုက ငြိမ်းချမ်းရေးနဲ့လည်း ဆက်စပ်နေတယ်ပေါ့။ တကယ်တမ်း စစ်တပ်က သူလက်မခံထားတဲ့ အဖွဲ့တွေရှိတယ်။ ယူအန်အက်ဖ်စီထဲမှာဆိုရင် သုံးဖွဲ့ပေါ့နော်။ ရခိုင် အေအေရှိမယ်။ ကိုးကန့်ရှိမယ်။ တအာင်းရှိမယ်။ အဲဒါနဲ့ ပတ်သက်လို့ကော ရှေ့မတိုးသာ နောက်မဆုတ်သာ စစ်တပ်အနေနဲ့ တကယ်လို့သာ ဒေါ်အောင်ဆန်းစုကြည်က အားလုံးပိုင်မူနဲ့ဆို ဘာတွေဖြစ်လာနိုင်မလဲ။ ဆရာ အဲဒါလေး ပြောပြပေးပါ။" ဦးသန်းစိုးနိုင် (နိုင်ငံရေး လေ့လာသုံးသပ်သူ) “အဓိကကတော့ဗျာ ၂၁ ရာစု ပင်လုံဆိုတာက ငြိမ်းချမ်းရေး၊ နောက်ပြီးတော့ ပြည်ထောင်စုထူထောင်ရေး ဘာညာ စတဲ့ ရေရှည်ဆွေးနွေးရမယ့် ပြဿနာတွေပါ။ ခုလတ်တလော အရေးကြီးတာက ဘာလဲဆိုတော့ တပြည်လုံး အပစ်အခတ်ရပ်စဲဖို့က အရေးကြီးတယ်။ အဲဒီအောက်မှာ လူထုက ခံစားနေရတာတွေက တော်တော့်ကို၊ အခု ကချင်ပြည်နယ်ကနေ ရခိုင်အထိ ရောက်သွားပြီ၊ ဒုက္ခသည်တွေက။ အဲတော့ ကျနော်က အဲဒီပြဿနာကို တချိန်တည်းမှာ ရေရှည်အတွက် ပင်လုံညီလာခံကို ပြင်ဆင်တာနဲ့ တပြိုင်တည်းမှာ အန်စီအေထဲမှာ အားလုံးပါဝင်ပြီး တပြည်လုံး အပစ်အခတ်ရပ်စဲတဲ့ အနေအထားတခုရောက်အောင် ကြိုးပမ်းသင့်တယ်လို့ ကျနော်ယူဆပါတယ်။ အဲဒါကြောင့် အခု ဒေါ်အောင်ဆန်းစုကြည် ဒီအခင်းအကျင်းကို ခင်းကျင်းတဲ့နေရာမှာ ကျနော်တို့ ပင်လုံညီလာခံအတွက် နိုင်ငံရေး ပေါ်လတီကယ် ဒိုင်ယာလော့ လုပ်တာက တဘက်၊ နောက်တခုက အန်စီအေကို လုပ်ဖို့အတွက် ကြိုးပမ်းတာက တဘက်။ ဒါ မူအရ မှန်တယ်လို့ ထင်ပါတယ်။ ခက်နေတာက တပ်မတော်အပိုင်းအနေနဲ့ ပတ်သက်တဲ့အခါ တပ်မတော်က ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်ကိုယ်တိုင်ကတော့ အစ်မရေ ငါးနှစ်အတွင်း ငြိမ်းချမ်းရေးလုပ်ရအောင်ဆိုတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ စကားကို ကြားရတော့ ကျနော်တော့ ငြိမ်းချမ်းရေးအတွက် တော်တော်လေး အားရပါတယ်။ ဒါပေမယ့် လက်တွေ့က ဘာလဲဆိုတော့ ဒီသုံးဖွဲ့ကို မပါဝင်ရဘူးလို့ဆိုရင် ယူအန်အက်ဖ်စီမှာ ကျန်တဲ့အဖွဲ့အစည်းတွေ ပါဝင်ဖို့က တော်တော်လေး အခက်အခဲရှိတယ်။ အဲဒီအောက်မှာ သုံးဖွဲ့ကလည်း သူတို့ကြောင့် အခက်အခဲ ဖြစ်နေလို့ရှိရင် သူတို့အနေနဲ့ နုတ်ထွက်ပေးမယ်ဆိုတဲ့ သဘောထားတွေရှိတယ်။ အဲဒီတော့ သဘောထားတွေဟာ နှစ်ဘက်လုံး အရင်ကထက်စာရင် ပျော့ပျောင်းကောင်းမွန်တဲ့ အလားအလာတွေ ရှိလာတဲ့အောက်မှာ နည်းလမ်းရှာပြီး ဖြေရှင်းလို့ရနိုင်မယ်လို့ ကျနော်ထင်တယ်။ ဥပမာဆိုကြပါစို့ဗျာ အန်စီအေကို တဘက်က ဆွေးနွေးတာနဲ့ တပြိုင်နက် ကျနော်တို့ ပင်လုံညီလာခံ ဆွေးနွေးပွဲမှာ အားလုံးပါဝင်မှုကနေပြီးတော့ ပိုမိုပြီး နားလည်မှုရပြီး ပိုမိုကောင်းမွန်တဲ့ အခြေအနေတရပ်ကို ဖြေရှင်းပေးဖို့အတွက် တပ်မတော်က လိုက်လျော သဘောတူသင့်တယ်လို့ ထင်ပါတယ်။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) "ဆရာတင်မောင်သန်း အနေနဲ့ကော တပ်မတော်အနေနဲ့ပေါ့ တကယ်တမ်း ကျနော်တို့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တကယ်ကို ထိထိရောက်ရောက် ဘာလုပ်ပေးသင့်လဲ၊ ဘယ်လို ဆောင်ရွက်ပေးနိုင်လဲဆိုတာ ဆရာ့အနေနဲ့ ဖြည့်စွက်ပြောပေးပါဦး။" ဦးတင်မောင်သန်း (အယ်ဒီတာ၊ ယခင်သင့်ဘ၀မဂ္ဂဇင်း) “အခုလောလောဆယ်မှာဆိုရင်တော့ အန်စီအေကို ဖြစ်ဖို့အတွက် သုံးပါတီကျန်တာပေါ့။ သုံးဖွဲ့ကျန်တယ်။ အဲဒီသုံးဖွဲ့ကလည်း ကျနော်တို့ တပ်မတော်မှာ အရင်ကတည်းက တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ညှိနှိုင်းဆွေးနွေးတဲ့အခါမှာ လက်နက်စွန့်တာလည်း မဟုတ်ဘူး။ လက်နက်ဆက်တိုက်ပွဲဝင်တာလည်း မဟုတ်ဘူးဆိုတဲ့ အခြေအနေကို ထိန်းထားနိုင်တဲ့ အတွေ့အကြုံတွေ ရှိပြီသား။ ဒီအတွေ့အကြုံကနေ ပြန်ပြီးတော့ ဆွဲထုတ်ပြီးတော့ ကျနော် ဒီသုံးဖွဲ့နဲ့ ဘယ်လိုများ ဆက်စပ်လုပ်ကိုင်နိုင်မလဲလို့ စဉ်းစားရင် ဒါက သိပ်ပြီး ခက်တဲ့ကိစ္စ မဟုတ်နိုင်ဘူးလို့ မျှော်လင့်တယ်ပေါ့နော်။ ယေဘုယျအားဖြင့် သုံးဖွဲ့ကလည်း ဆရာသန်းစိုးနိုင် ပြောသွားသလိုပဲ သူတို့ပါနေတဲ့အတွက်ကြောင့် အဟန့်အတား ဖြစ်နေမယ်ဆိုရင် သူတို့ကလည်း နောက်ဆုတ်ပေးဖို့ အသင့်ရှိနေတယ်ဆိုတဲ့ သဘောထား ရှိတဲ့အခါကျတော့ ကျနော်ထင်တယ် တခုလုံးကတော့ ဆရာသန်းစိုးနိုင်ပြောသလို ကောင်းမွန်တဲ့ လမ်းကြောင်းဘက်ကို ဦးတည်ပြီး သွားနေတယ်လို့ ပြောရမှာပါ။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) "နောက်တခုကလည်း ကျနော်တို့ ပင်လုံညီလာခံ ဒါမှမဟုတ် ငြိမ်းချမ်းရေးညီလာခံ တခုကတော့ သေချာပေါက် ဖြစ်တော့မယ်။ ဒီတိုင်းဆို နောက် ၂ ပတ်လောက်ဆိုရင် တွေ့ဆုံမယ်။ တကယ်တမ်း ဆရာ တချို့ တိုင်းရင်းသား၊ ဥပမာ ရှမ်းကဆို ပြောထားတယ်၊ ပင်လုံညီလာခံ ၂၁ တော့ဖြစ်မယ်၊ ဒါပေမယ့် ဘာမှအဖြေရမှာ မဟုတ်ဘူးဆိုတဲ့ ဝေဖန်ချက်မျိုးလည်း ရှိတယ်ပေါ့။ တွေ့တော့တွေ့တယ်၊ အလုပ်မဖြစ်လောက်ဘူးဆိုတဲ့ တချို့ဝေဖန်ချက်တွေလည်းရှိတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ တကယ်တွေ့ပြီး တကယ်အလုပ်ဖြစ်နိုင်အောင် ဘယ်လိုဟာမျိုးကို ညှိနှိုင်းပြီး၊ ဒီလုပ်ငန်းစဉ်ကြီး ဆက်သွားနိုင်အောင် ဘယ်လိုမျိုးများ ဆရာ့အနေနဲ့ အကြံပေးချင်လဲ၊ ဘာတွေထည့်ပြီးတော့ ပါဝင်သင့်လဲဆိုတာ ဆရာ့အနေနဲ့ ဆက်ပြီးဆွေးနွေးပေးပါဦး။" ဦးသန်းစိုးနိုင် (နိုင်ငံရေးလေ့လာသုံးသပ်သူ) “၂၁ ရာစုပင်လုံဆိုတာ အခြေခံ ကျနော်တို့ ပထမပင်လုံစာချုပ်က ဖြစ်ခဲ့တဲ့ ပြဿနာပေါ့ဗျာ။ ဖက်ဒရယ်ပြည်ထောင်စု သမ္မတနိုင်ငံ ထူထောင်ရေးဆိုတဲ့ အခြေခံကို ပြန်ပြီး တည်ဆောက်ကြရမှာပါ။ အဲတော့ ဖက်ဒရယ်ပြည်ထောင်စုသမ္မတနိုင်ငံ ထူထောင်ရေး ဆိုတဲ့နေရာမှာ ကျနော့်အခြေခံအားဖြင့် နားလည်မှုကတော့ နှစ်ခုပါပဲ။ တခုက ဘာလဲဆိုတော့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်တဲ့ အခွင့်အလမ်း၊ ကျနော်တို့ ပေးဖို့။ နောက်ပြီးတော့ တန်းတူညီမျှရေးအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တန်းတူညီမျှရေးအတွက် ဒီအခြေခံ ၂ ချက်ပါပဲ။ ဒါပေမယ့် ပထမပင်လုံဆွေးနွေးတဲ့ အခါတုန်းက ကျနော်တို့ ခွဲထွက်ခွင့် အပါအ၀င် ဘာညာဆိုတဲ့ အဲကိစ္စက အဲဒီက သမိုင်းအခြေအနေနဲ့ ဒီနေ့သမိုင်းအခြေအနေ မတူတော့ပါဘူး။ ဒီနေ့ကာလမှာလည်း တိုင်းရင်းသားတွေလည်း အဲဒီသဘောထားရှိတာ မတွေ့ရပါဘူး။ ဒါကြောင့် ဒီအခြေခံတွေပေါ်မှာ ကျနော်တို့ နိုင်ငံရေးတန်းတူမှု၊ စီးပွားရေးတန်းတူမှု၊ လူမှုရေးတန်းတူမှု၊ နောက်ပြီးတော့ ကျနော်တို့ သက်ဆိုင်ရာ ဒေသတွေမှာ အမျိုးသားအလိုက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ၊ ကျနော်တို့ ဖန်တီးပေးမယ်ဆိုရင် အဆင်ပြေနိုင်ပါတယ်။ ဒါပေမယ့် ကျနော်စိုးရိမ်တာက တခုပါပဲ။ ဘာလဲဆိုတော့ ဒီဒီအာ/အက်စ်အက်စ်အာအဆင့် ဆွေးနွေးတဲ့အခါမှာ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြားထဲမှာ အပေးအယူလုပ်ပြီးတော့ ကျနော်တို့တိုင်းပြည် ထာဝရငြိမ်းချမ်းရေးရအောင် လုပ်ဖို့ လိုအပ်တာကတော့ ဒါကတော့ ဒီဖြစ်စဉ်တခုလုံးမှာ အရေးကြီးဆုံးအဆင့် ဖြစ်မယ်ထင်ပါတယ်။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) "ဆရာတင်မောင်သန်းကိုလည်း နောက်ဆုံးအနေနဲ့ ဒီဟာပဲပေါ့။ ဒီလို ငြိမ်းချမ်းရေး ဆွေးနွေးရာကနေ စောစောက ဆက်စပ်လာတဲ့ ကျနော်တို့ အန်အယ်လ်ဒီရဲ့ မူဝါဒလည်းဖြစ်တယ်။ ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံ တည်ဆောက်ရေး အခြေခံနည်းလမ်းတွေ ချနိုင်အောင် ဆရာ့အနေနဲ့ တကယ်တမ်းလည်း ငြိမ်းချမ်းရေးဖြစ်စဉ်တခု အမြဲတမ်း ဖက်ဒရယ်စနစ်အထိ ပါသွားနိုင်တဲ့ဟာမျိုးကို ဆရာ့အနေနဲ့ ဘာများ ဖြည့်စွက်ပြီးတော့ ပြောလိုပါသလဲ။" ဦးတင်မောင်သန်း (အယ်ဒီတာ ယခင်သင့်ဘ၀မဂ္ဂဇင်း) “ယေဘုယျအားဖြင့်တော့ ကျနော်ထင်တယ်။ အဆင့်ထားပြီး စဉ်းစားတာ ကောင်းမယ်လို့ ကျနော်ထင်တယ်။ ဥပမာအားဖြင့် အပြင်မှာဆိုရင်လည်း တိုင်းရင်းသားတွေဘက်က အချို့အုပ်စုတွေက ရှစ်ပြည်ထောင်မူဆိုတာကို တင်ခဲ့ကြတယ်။ ရှစ်ပြည်ထောင်မူရဲ့ သဘောကတော့ မြန်မာဟာလည်း တိုင်းရင်းသားတခု ဖြစ်တဲ့အတွက်ကြောင့် တခုတည်းအနေနဲ့ပဲ ယူဆပြီး တခြားတိုင်းရင်းသား ၇ မျိုးနဲ့အတူ ရှစ်မျိုးပေါ့။ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုစနစ်ကို ရည်မှန်းပြီး ပြောကြတာဖြစ်တယ်။ ဒါကိုလည်း ကျနော်တို့ တဘက်အမြင်ကိုလည်း များသောအားဖြင့် ပဋိပက္ခတွေမှာဆိုရင်တော့ တဘက်အမြင်တွေပေါ့နော်။ သူတို့ရဲ့ ဖြစ်ချင်တဲ့ စိတ်ဆန္ဒတွေ၊ အနာဂတ်အမြင်တွေကို ကျနော်တို့က ပေါင်းဖက်ပြီးတော့ စဉ်းစားဖို့ လိုအပ်တာပေါ့နော်။ ဒါပေမယ့် လက်ရှိအခြေအနေမှာလည်း ဒီလိုသွားမယ်ဆိုရင် ပြည်သူလူထု အဆင့်မှာတောင် တော်တော်လက်ခံနိုင်ဖို့ ခက်တဲ့ဟာမျိုး ဖြစ်နေတယ်၊ မြန်မာတွေကြားထဲမှာပေါ့။ ဒါဆိုရင် ကျနော်တို့ ဘယ်လိုသွားမလဲဆိုရင် အဆင့်၊ ကာလကန့်သတ်ချက်နဲ့ ဘယ်လိုကူးသွားမယ်ဆိုတဲ့ ပြည်ထောင်စု ပင်လုံညီလာခံမှာ၊ ငြိမ်းချမ်းရေးညီလာခံမှာ ဆက်လက်စဉ်းစားကြမယ်ဆိုရင် ကျနော်ထင်တယ်၊ မြန်မာနိုင်ငံဟာ ရှေ့လျှောက် ဒီမိုကရေစီခရီးက အများကြီး ပေါက်သွားနိုင်ပါတယ်။ တပ်ကလည်း စောစောကပြောတဲ့အတိုင်း ဒီငြိမ်းချမ်းရေးအပေါ်မှာ မူတည်ပြီး ဆုတ်ခွာသွားမယ်ဆိုတဲ့အခါ၊ အဲဒီတော့ ဘယ်ဟာက ဦးစားပေးလဲ၊ နိုင်ငံရေးက အရေးကြီးတာလဲဆိုတဲ့ စဉ်းစားချက်တွေအပေါ်မှာ အားလုံးပါဝင် ပတ်သက်တဲ့ သူတွေက အခြေခံပြီးတော့ ညှိနှိုင်းကြမယ်ဆိုရင် ဒါဟာ တော်တော်လေး ရှေ့ရောက်မှာပါ။"
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024