မူဆယ်ဈေးအနီး မီးလောင်မှုဖြစ်၊ ဖုန်းဆိုင် လုယက်ခံရ
DVB
·
June 7, 2016
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ ဈေးအနီး ကောင်းနောင်ရပ်ကွက်မှာ ဒီကနေ့မနက်က မီးလောင်မှုဖြစ်ပွားလို့ အိမ်ခန်းတချို့မီးထဲပါသွားပြီး မီးလောင်မှုကြောင့် လူတွေ ထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး။
မူဆယ်ဈေးမြောက်ဘက်က သွပ်မိုးထရံကာ အငှါးအိမ်ခန်းတခုမှာ ထမင်းချက်ရာကနေ မီးလောင်ခဲ့တာလို့ မူဆယ်မြို့မရဲစခန်း တာဝန်ကျ ရဲအုပ်အောင်ကိုမြတ်က ဒီဗွီဘီကို ပြောပါတယ်။
“မီးက လျှပ်စစ်ထမင်းအိုးတည်ရာကနေ အပူလွန်ကဲပြီးလောင်တာပါခင်ဗျ။ အဲဒီကနေ အိမ်ခန်း ၄ ခန်းဆက်ကူးသွားပြီး ဆုံးရှုံးမှုတန်ဖိုးကတော့ ရဲစခန်းအနေနဲ့ ကျပ် ၉ သောင်းကျော်လို့ ခန့်မှန်းပါတယ်။ မီးလောင်မှုနဲ့ ပတ်သက်လို့ ပထမမီးစလောင်တဲ့ အခန်းငှားနေသူ ကိုအောင်ဌေး အသက် ၂၈ နှစ်ကို လောလောဆယ် ပုဒ်မ ၂၈၅ မီးပေါ့ဆမှုနဲ့ အရေးယူထားပါတယ်။”
မီးလောင်စဉ် အနီးနားရှိနေတဲ့ မူဆယ်ဒေသခံ စိုင်းဆိုင်လျန်းကတော့ မီးလောင်လို့ ရုတ်ရုတ်သဲသဲဖြစ်နေချိန် အနီးက ဖုန်းဆိုင်တဆိုင် လုယက်ခံရတယ်လို့ပြောပါတယ်။
“မီးက မနက် ၉ နာရီ ၁၀ မိနစ်လောက်ကနေ ဆယ်နာရီခွဲလောက်မှာ ငြိမ်းသွားတယ်။ ကျနော်ရောက်သွားတော့ ၂ ခန်း ၃ ခန်းလောက် လောင်နေပြီ၊ ကျနော်လည်း အဲဒီနားက ဆွေမျိုးတွေရဲ့ ပစ္စည်းတွေ အပြင်ကို ကူသယ်ထုတ်ပေးနေတာ။ မီးလောင်နေတုန်း အဲဒီနားက ဖုန်းဆိုင်ထဲက တယ်လီဖုန်းတွေ အလုခံရတယ်လို့ ပြောတယ်။ ဘယ်လောက်ပါသွားလဲတော့ မသိဘူး”
ရဲစခန်းကတော့ ဒီလုယက်မှုနဲ့ ပတ်သက်ပြီး တိုင်ကြားချက် တစုံတရာ လက်ခံရတာ မရှိဘူးလို့ ပြောပါတယ်။
ဓာတ်ပုံ -Zaai HomMain