A d v e r t i s e m e n t With Us

မြွေမနှင့်မိတ်လိုက်ခွင့်ရရေး အားပြိုင်နေသည့် ရှားပါး မမ်ဗာမြွေထီး ၂ ကောင် (ရုပ်သံ)

မြွေတွေ မိတ်လိုက်တဲ့ရာသီ တောင်အာဖရိကနိုင်ငံမှာ အဆိပ်ပြင်းတဲ့ ရှားပါး မမ်ဗာမြွေ အထီးတွေဟာ အချင်းချင်း ရစ်ပတ်ပြီး အားစမ်းနေပါတယ်။ တောင်အာဖရိက ဂျိုဟန်နစ်ဘတ်မြို့က ခရစ္စတီး ဘိုဝါက အနောက်မြောက်ပိုင်းခရိုင် ပီလန်နစ်ဘတ် အမျိုးသားဥယျာဉ်မှာ ဒီဖြစ်ရပ်ကို မှတ်တမ်းတင်ခဲ့တာ ဖြစ်ပါတယ်။ မိတ်မလိုက်ခင်မှာ အထီး ၂ ကောင် အားပြိုင်ကြတာဖြစ်ပြီး အနိုင်ရတဲ့ အထီးက အမနဲ့ မိတ်လိုက်ခွင့်ရမှာ ဖြစ်တယ်လို့ နေရှင်နယ် ဂျော်ဂရပ်ဖစ်က ဖော်ပြပါတယ်။ ဒီလိုတိုက်ခိုက်တဲ့အချိန်မှာ မြွေတွေက အချင်းချင်း ကိုက်ကြပေမယ့် အဆိပ်ကိုတော့ မထိုးသွင်းသလို အချင်းချင်း မသတ်ကြဘူးလို့လည်း လေ့လာသူတွေက ပြောပါတယ်။ မိတ်လိုက်ရာသီတခုမှာ အမတွေက အထီးတကောင်နဲ့ မိတ်လိုက်လေ့ရှိပြီး သုတ်ကောင်ကို လပေါင်း၊ နှစ်ပေါင်းများစွာ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။ အထီးတွေကတော့ မိတ်လိုက်ဖို့ တခြားအထီးတွေနဲ့ အားပြိုင်လေ့ရှိပြီး အနိုင်ရတဲ့  အခြေအနေကို မူတည်ပြီး မိတ်လိုက်လေ့ရှိတယ်လို့ ဆိုပါတယ်။ မမ်ဗာမြွေတွေဟာ အာဖရိကတောင်ပိုင်းနဲ့ အရှေ့ပိုင်းတွေမှာ နေထိုင်ပြီး ၁၄ ပေအထိ ရှည်တယ်လို့ ဆိုပါတယ်။ ဒီမြွေတွေက လျင်မြန်သလို အားကောင်းပြီး ဒေါသကြီးတဲ့အတွက် နာမည်ကြီးပါတယ်။ လူတွေကိုတော့ ရှောင်လေ့ရှိသလို အကိုက်ခံရရင်လည်း ၄၅ မိနစ်အတွင်း လူက လဲကျသွားမယ်လို့ ဆိုပါတယ်။ တနာရီကို ၁၂ ဒသမ ၅ မိုင်အထိ လျှောတိုက်သွားနိုင်သလို တစုံတရာ ခြိမ်းခြောက်ခံရပြီဆိုရင် ပါးစပ်အတွင်းက အနက်ရောင်ကို ထုတ်ပြတတ်တာ အကြောင်းပြုပြီး အမည်ခေါ်တွင်တယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up