ၾသစေၾတးလ် မုန်တိုင်းကြောင့် ရေကြီးရေလျှံ၊ အနည်းဆုံး လူ ၃ ဦး သေဆုံး (ရုပ်သံ)

807
သြစတြေးလျ အရှေ့ဘက်ကမ်းရိုးတန်းတလျှောက် မုန်တိုင်းဝင်ရောက်ခဲ့ပြီး ဇွန် ၆ ရက်က ရေကြီးရေလျှံမှုတွေအတွင်း အနည်းဆုံး လူ ၃ ဦး သေဆုံးသွားပါတယ်။
အရှေ့ဘက်ကမ်းရိုးတန်းပြည်နယ်တွေဖြစ်တဲ့ နယူးဆောက်ဝေးပြည်နယ် တောင်ပိုင်း၊ ၀ိတိုရိယပြည်နယ်နဲ့ တက်စမေးနီးယားပြည်နယ်တွေမှာ မုန်တိုင်းဝင်ရောက်ခဲ့တာပါ။
ဆစ်ဒနီမြို့ ကော်လာရွိုင်ကမ်းခြေအနီး နေထိုင်သူတွေ နေရာပြောင်းရွှေ့နေကြရပြီး နေအိမ်တွေ ပြိုကျပျက်စီးနိုင်တဲ့ အခြေအနေတွေနဲ့ ကြုံတွေ့နေရတာပါ။
တက်စ်မေးနီးယားပြည်နယ်မှာ ဆယ်စုနှစ်တွေအတွင်း အဆိုးဆုံးရေလွှမ်းမိုးမှုနဲ့ ကြုံတွေ့နေရပြီး မြစ် ၇ စင်းလုံးမှာ ရေကြီးမှု သတိပေးချက် ထုတ်ပြန်ထားပါတယ်။
သက်ကြီးရွယ်အို အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးလည်း ပျောက်ဆုံးနေပါတယ်။
ကင်ဘာရာမြို့နားက ကော့တာမြစ်ထဲမှာ ဇွန် ၆ ရက်က အမျိုးသားအလောင်းတလောင်းနဲ့ နယူးဆောက်ဝေးပြည်နယ်မှာ ကား ရေထဲပါသွားတဲ့ အမျိုးသား ၂ ဦးရဲ့ ရုပ်အလောင်းတွေကိုလည်း ရဲတပ်ဖွဲ့က တွေ့ရှိ သယ်ယူခဲ့ကြပါတယ်။
သြစတြေးလျ အာမခံကောင်စီက လက်ရှိအချိန်အထိ လျော်ကြေးတောင်းဆိုမှု ၁၁၀၀၀ ကျော် လက်ခံရရှိထားပြီး အမေရိကန်ဒေါ်လာ ၂၈ သန်းဖိုးလောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။