ဝ၊ မိုင်းလား လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရကိုယ်စားလှယ်တို့ ဆွေးနွေးမည်

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ ကြိုတင်ပြင်ဆင်ရေးကော်မတီ အဖွဲ့ဝင်တွေဟာ လာမယ့်ရက်ပိုင်းအတွင်း ယူဒဗလျူအက်စ်အေ ၀တပ်ဖွဲ့နဲ့ရော အန်ဒီအေအေ မိုင်းလားတပ်ဖွဲ့နဲ့ပါ သွားရောက်တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။
တွေ့ဆုံဆွေးနွေးဖို့ သဘောတူညီချက်ရထားပြီး လောလောဆယ် အချိန်နဲ့ နေရာကို ညှိနှိုင်းနေကြတယ်လို့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကြိုတင်ပြင်ဆင်ရေး ဆပ်ကော်မတီ-၂ အတွင်းရေးမှူး ဦးလှမောင်ရွှေက ဒီဗွီဘီကို ပြောပါတယ်။
"ကျနော်တို့ ကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းကိုယ်တိုင်ပဲ သူတို့နဲ့ တွေ့ဖို့ ညှိနှိုင်းနေပါတယ်ခင်ဗျ။ ဒီရက်ပိုင်းတွင်းမှာတွေ့မယ်။ ဘယ်နေ့၊ ဘယ်နေရာဆိုတာတော့ ညှိနှိုင်းနေဆဲပါ။ ရာသီဥတု အခြေအနေပေါ်လည်း မူတည်တယ်လေ။ အဖွဲ့အစည်းမတူတော့ ခွဲတွေ့တာလည်း ဖြစ်နိုင်တယ်၊ တပြိုင်တည်းတွေ့တာလည်း ဖြစ်နိုင်တယ်။ အဓိကကတော့ ကျနော်တို့ လုပ်ငန်းစဉ်တွေကို ရှင်းပြဖို့ပါ။"
ဒီတွေ့ဆုံမှုတွေနဲ့ ပတ်သက်ပြီး ယခင် ၀ ဒီမိုကရက်တစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင် ဟောင်းတဦးဖြစ်သူ ဦးဆိုင်ပေါင်းနပ်က အစိုးရသစ်ရဲ့ လုပ်ရပ်ပေါ် ကြိုဆိုကြောင်း၊ ၂၁ ရာစု ပင်လုံညီလာခံမှာ တိုင်းရင်းသားအားလုံးပါဝင်ဖို့ လိုအပ်သလို ၀ တိုင်းရင်းသားအများစုဟာ ယူဒ ဗလျူအက်စ်အေ ထိန်းချုပ်မြေထဲရှိတဲ့အတွက် ယူဒလျူအက်စ်အေရဲ့ ဆွေးနွေးမှုတွေဟာ ၀ လူများ စုကို ကိုယ်စားပြုကြောင်း ခုလိုပြောပါတယ်။
“ကျနော်တို့တိုင်းပြည်က မငြိမ်းချမ်းတော့ ဘာအလုပ်မှမဖြစ်ဘူး၊ အဲတော့ ငြိမ်း ချမ်းရေးလုပ်ဖို့ လိုအပ်တယ်၊ ညီလာခံကြီးဟာ တကယ်ပဲ တိုင်းရင်းသားလူမျိုးပေါင်းစုံကို ဖိတ်ခေါ် နိုင်ပြီးမှ သူတို့အသံတွေ ပါဝင်မှ အောင်မြင်မယ်လို့ ကျနော်မြင်ပါတယ်။ ဒီအဖွဲ့က ဆိုးလို့၊ ဒီအဖွဲ့က ပြဿ နာရှိခဲ့လို့ မခေါ်ဘူးဆိုရင် အောင်မြင်မှာမဟုတ်ပါဘူး၊ ကျနော်တို့ ၀ လူမျိုးအများစုက ယူဒဗလျူအက်စ်အေ နယ်မြေမှာရှိပြီး အစိုးရနယ်မြေမှာ အနည်းစုရှိတယ်။ ဒါကြောင့် ယူဒဗ လျူအက်စ်အေရဲ့ ဆွေးနွေးချက်တွေဟာ ၀ လူမျိုး အများစုအသံကို ကိုယ်စားပြုနိုင်မယ်လို့ ကျနော်မြင်ပါတယ်။”
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကြိုတင်ပြင်ဆင်ရေးဆပ်က်ာမတီဟာ တနိုင်ငံလုံး အပစ်ခတ်ရပ် လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေနဲ့ လိုက်လံတွေ့ဆုံ ဆွေးနွေးနေတာဖြစ်ပြီး ယူအန်အက်ဖ်စီ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီအဖွဲ့နဲ့ ပြီးခဲ့တဲ့အပတ်က ထိုင်းနိုင်ငံ ချင်းမိုင်မှာ တွေ့ဆုံခဲ့ပြီးဖြစ်ပါတယ်။
နောက်ထပ် ယူဒဗလျူ အက်စ်အေ ၀ တပ်ဖွဲ့၊ အန်ဒီအေအေ မိုင်းလားအဖွဲ့၊ တီအန်အယ်လ်အေ တအာင်း၊ အမ်အန်ဒီအေအေ ကိုးကန့်၊ အေအေ ရက္ခိုင်၊ နာဂ စတဲ့ လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့နဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။
ယခင် ဦးသိန်းစိန်အစိုးရလက်ထက်က ဆောင်ရွက်ခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ အထိုက်အလျောက် အောင်မြင်ခဲ့ပြီး ယခုအစိုးရလက်ထက် ပိုမိုအောင်မြင်မှုရရှိအောင် ထပ်ဆင့်ကြိုးစားရတာဖြစ်ကြောင်း၊ ဒီအစိုးရလက်ထက်မှာ အောင်မြင်ဖို့ အခွင့်အလမ်းတွေ အများကြီးရှိကြောင်း ဦးလှမောင်ရွှေက ပြောပါတယ်။