ပထမဆုံး အမျိုးသမီး သမ္မတလောင်း ဖြစ်လာသည့် ဟီလာရီကလင်တန်

အမေရိကန်သမ္မတလောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ ဟီလာရီကလင်တန်ဟာ ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု သမ္မတလောင်းဖြစ်ဖို့ လိုအပ်တဲ့ မဲအရေအတွက် ပြည့်မီတယ်လို့ အေပီသတင်းဌာနက ဇွန် ၆ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
အေပီသတင်းဌာနက တွက်ချက်ထားတဲ့ မဲစာရင်းတွေအရ ဟီလာရီဟာ ပါတီကိုယ်စားပြု သမ္မတလောင်းဖြစ်ဖို့ အနည်းဆုံးလိုအပ်တဲ့ မဲနေရာ ၂၃၈၃ နေရာ ရရှိတဲ့အတွက် အမေရိကန်နိုင်ငံရေးသမိုင်းမှာ ပထမဆုံး အမျိုးသမီး သမ္မတလောင်း ဖြစ်လာမယ်လို့ ဆိုပါတယ်။
ဒီမိုကရက်တစ်ပါတီတွင်း ပြိုင်ဘက်ဖြစ်တဲ့ ဘာနေးဆန်းဒါးစ် (Bernie Sanders) ကတော့ ဟီလာရီအနိုင်ရ၊ မရ လာမယ့် ဇူလိုင်လ ပါတီညီလာခံမှာပဲ အတိအကျ သိရမယ်လို့ ပြောဆိုထားပါတယ်။
ဟီလာရီဟာ ဇွန်လ ၅ ရက်က ပေါ်တိုရီကိုမှာ အပြတ်အသတ် နိုင်လိုက်တာနဲ့ ပါတီညီလာခံမှာ ရရှိဦးမယ့် အဆုံးအဖြတ်မဲတွေကြောင့် ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်း ဖြစ်လာမယ်လို့ အေပီက ပြောဆိုတာပါ။
အမေရိကန်ပြည်ထောင်စုရဲ့ ၂၂၇ နှစ်ကြာ သမိုင်းမှာ အရင်က အမေရိကန်သမ္မတကတော်၊ လွှတ်တော်အမတ်နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဖြစ်ခဲ့သူ ဟီလာရီကလင်တန်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံး အမျိုးသမီး သမ္မတလောင်း ဖြစ်လာတာပါ။