Home
ဆောင်းပါး
အဘယ်ကြောင့် ဗီယက်နမ်က အမေရိကန်စစ်တပ်ကို ပြန်လာစေချင်တာလဲ?
DVB
·
June 7, 2016
နောက်ဆုံးမှာတော့ ဗီယက်နမ်စစ်ပွဲ တစ္ဆေခြောက်မှုများဟာ မဟာဗျူဟာဆိပ်ကမ်း ဖြစ်ခဲ့တဲ့ ကမ်းရမ်ပင်လယ်အော်မှာ ပျောက်ပြယ်သွားခဲ့ပါပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ က အမေရိကန်ဟာ သူ့ရဲ့ရေတပ်ကမ်းကပ်ဖို့၊ ဗုံးကြဲတိုက်ခိုက်မယ့် ဘီ-၅၂ ဗုံးကြဲလေယာဉ်ကြီးတွေကို ရိက္ခာ- လက်နက်ဖြည့်တင်း ပြင်ဆင်ဖို့နဲ့ ဒဏ်ရာရ အမေရိကန် စစ်သားတွေကို ပြုစုဖို့ အသုံးပြုခဲ့တဲ့ ဒီ ဧရာမ ရေတပ်စခန်းကြီးကို စွန့်ခွာခဲ့ကြပါတယ်။ အခုအချိန်မှာ တချို့ ဗီယက်နမ်လူမျိုးတွေက အမေရိကန်ကို စစ်ရေးအရ ပြန်လာဖို့ မျှော်နေကြတယ်လို့ ပြောနေကြပါပြီ။ ယခု အသက် ၆၃ နှစ်ရှိပြီဖြစ်တဲ့၊ လူငယ်ဘဝတုန်းက မြောက်ဗီယက်နမ် ခြေလျင်တပ်သားအဖြစ် အမေရိကန်ကို ခုခံတိုက်ခိုက်ခဲ့ဘူးသူ ဗိုဗန်ထောက် ပြောတာက …. “ဖေ့စ်ဘွတ်ခ်မှာ မကြာသေးခင်က မေးခွန်းတခု တင်ထားတာတွေ့တယ်။ သမ္မတ အိုဘားမားရဲ့ အလည်အပတ် ခရီးစဉ်ကနေ သင် ဘာကိုမျှော်လင့်သလဲ” ပေါ့…။ “တချို့လူတွေက သူတို့ ဒီမိုကရေစီလိုချင်တယ်တဲ့။ ကျနော်ကတော့ အမေရိကန်တွေ ကမ်းရမ်ပင်လယ်အော်ကို ပြန်လာစေချင်တယ်လို့၊ လူတော်တော်များများက ကျနော်ပြောတာကို ထောက်ခံကြတယ်ဗျ။” တဲ့…။ မစ္စတာ အိုဘားမားဟာ တနင်္ဂနွေနေ့မှာ ဗီယက်နမ်ကို ရောက်လာဖို့ ရှိပါတယ်။ ဒါဟာ စစ်အပြီးမှာ အမေရိကန်သမ္မတတယောက် အနေနဲ့ တတိယမြောက် လာရောက်လည်ပတ်ခြင်းပဲ ဖြစ်တယ်။ သူ့အနေနဲ့ အဓိကဖြေကြားရမယ့် မေးခွန်းကတော့ အမေရိကန်ပြည်ထောင်စုက အစွမ်းထက် စစ်လက်နက်ပစ္စည်းတွေ မတင်ပို့နိုင်အောင် ပိတ်ပင်ထားတာကို တစိတ်တပိုင်း ရုပ်သိမ်းပေးပြီး ဗီယက်နမ်ကို ဝယ်ခွင့်ပေးမလား၊ မပေးဘူးလား ဆိုတာပါပဲ။ ကွန်မြူနစ်အစိုးရအနေနဲ့က ဒီလိုပိတ်ပင်ထားတာကို ရုပ်သိမ်းပေးဖို့ ပြောနေတာ အတော်ကြာပါပြီ။ ဒီကိစ္စမှာ အမေရိကန်က ကမ်းရမ်ပင်လယ်အော် ပြန်လည်အသုံးပြုခွင့်ရရေးနဲ့ အပေးအယူ လုပ်နိုင်ပါတယ်။ အိမ်ဖြူတော်အနေနဲ့ ဒီလို ပိတ်ဆို့အရေးယူထားတာကို ပယ်ဖျက်ဖို့ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ရာမှာ အချေအတင် ဆွေးနွေးရမှာက ဗီယက်နမ်ရဲ့ နိမ့်ကျတဲ့ လူ့အခွင့်အရေး  ဖောက်ဖျက်မှု မှတ်တမ်း ပိုမိုကောင်းမွန်လာအောင် ကြိုးစားရေး ဆိုတာနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ တောင်တရုတ်ပင်လယ်မှာ တိုးတက်လာနေတဲ့ တရုတ်ရဲ့ ခြိမ်းခြောက်မှု အန္တရာယ်ကို မိမိဘာသာ ပိုမိုကာကွယ်နိုင်ရေး ဆိုတာပဲ ဖြစ်ပါတယ်။ ဝါရှင်တန်အနေနဲ့က နှစ်ပေါင်းများစွာကတည်းက ဗီယက်နမ်အပေါ် ဒီလို ပိတ်ဆို့ထားမှု ဖြေလျှော့ဖို့ကိစ္စကို သူ့ပြည်သူတွေအပေါ် လူ့အခွင့်အရေး ပိုမိုတိုးတက်အောင် ဆောင်ရွက်ပေးရေးနဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ပေးရေး၊ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရေး စတာတွေ့နဲ့ ချိတ်ဆက်ထားတာပါ။ ဒါပေမယ့် တောင်တရုတ်ပင်လယ်မှာ တရုတ်နဲ့ တင်းမာမှုတွေ ပြင်းထန်လာတဲ့အခါ အိုဘားမား အစိုးရက ပိတ်ဆို့ထားမှုကို ပြန်ဖွင့်ပေးဖို့ စိတ်ကူးလာခဲ့ပုံရတယ်လို့ အမေရိကန်အစိုးရ အရာရှိတွေနဲ့ နီးစပ်တဲ့ ဆွေးနွေးမှုတွေက ဆိုပါတယ်။ ဗီယက်နမ်အစိုးရအနေနဲ့ကလည်း အရင်ကထက် ပိုမိုအင်အားကြီးမားလာနေတဲ့ တရုတ်ပြည်ရဲ့ဖိအားကို တနိုင်ငံတည်း ရပ်တည် မရင်ဆိုင်နိုင်တာကို သိလာနေတဲ့အတွက် အမေရိကန်ပြည်ထောင်စုနဲ့ ဆက်ဆံရေးတွေ ပိုမိုတိုးတက် ကောင်းမွန်လာအောင် ဂရုတစိုက် ကြိုးစားနေပါတယ်။ ကွန်မြူနစ်ဝါဒ အိုင်ဒီယိုလော်ဂျီတွေ တူညီကြပေမယ့် ဗီယက်နမ်နဲ့ တရုတ်တို့ဟာ တောင်တရုတ်ပင်လယ်ထဲက ကျွန်းများနဲ့ ပတ်သက်ပြီး ၁၉၇၀ နဲ့ ၈၀ ခုနှစ်များအတွင်းမှာ တဘက်နဲ့တဘက် တိုက်ခိုက်ခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က နှစ်နိုင်ငံလုံးက ပိုင်ဆိုင်တယ်လို့ ကြွေးကြော်ထားကြတဲ့ ပါရာဆဲကျွန်းများအနီးက အငြင်းပွားနေတဲ့ ရေပြင်မှာ တရုတ်က ရေနံတူးစဉ်တွေ ပို့ခဲ့တဲ့အတွက် ပင်လယ်ပြင်မှာ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့သလို ဗီယက်နမ်မြို့ကြီးတချို့မှာလည်း တရုတ်ဆန့်ကျင်ရေး အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ဖူးတယ်။ မကြာသေးခင်ကဘဲ တရုတ်ပြည်ဟာ ဗီယက်နမ်ကမ်းခြေနဲ့ မိုင် ၃၀၀ လောက်ပဲဝေးတဲ့ တောင်တရုတ်ပင်လယ်ထဲမှာ စစ်လေယာဉ်ပြေးလမ်းတွေ ပါဝင်တဲ့ လူလုပ်ကျွန်းများကို တည်ဆောက်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ တရုတ်နဲ့ ပင်လယ်ရေကြောင်းဆိုင်ရာ အငြင်းပွားမှုထဲ တိုက်ရိုက်ဆွဲသွင်းခံရမယ့် အနေအထားကနေ ရှောင်ရှားဖို့ တစိတ်တပိုင်းအားဖြင့် ရည်ရွယ်တဲ့ အရှေ့တောင်အာရှ ပင်လယ်ပြင်နိုင်ငံများ အနေနဲ့ မိမိကိုယ်ကို ပိုမိုခုခံကာကွယ်နိုင်စွမ်းရှိအောင် အားပေးမှုနဲ့ ဗီယက်နမ်နိုင်ငံရဲ့လိုအပ်ချက်ဟာ အံကျကွက်တိ ဖြစ်နေပါတယ်။ နိုင်ငံတကာ ဆိပ်ကမ်းအသစ်တခု ဆောက်လုပ်ပြီးစီးနေတဲ့ ကမ်းရမ်ပင်လယ်အော်ကို အမေရိကန်တွေ အသုံးပြုခွင့်ရရှိရေး မျှော်လင့်ချက်ဟာ ပိတ်ဆို့မှု ပယ်ဖျက်ရေးအတွက် နောက်ထပ် သဘောကျစရာ အချက်တချက်ပါပဲ။ အဲဒီမှာ အမေရိကန်ရှိနေမှုက သူ့ရဲ့တပ်တွေ တောင်တရုတ်ပင်လယ် အနောက်ဘက်ကမ်းမှာ ဒီဆိပ်ကမ်းကို အသုံးပြုနိုင်မှာဖြစ်တဲ့အတွက် အရှေ့ဘက်ခြမ်း ဖိလစ်ပိုင်မှာ အမေရိကန်တွေရဲ့ အခြေစိုက်စခန်းက စွမ်းဆောင်ရည်တွေကို ပြည်စုံကောင်းမွန်သွားစေပါလိမ့်မယ်။ “တကယ်လို့သာ အမေရိကန်ပြည်ထောင်စုအနေနဲ့ ကမ်းရမ်ပင်လယ်အော်ကို ပုံမှန်အသုံးပြုခွင့် ရနေမယ်ဆိုရင် တရုတ်ပြည်နဲ့ အင်အားချိန်ခွင်လျှာ ထိန်းညှိရေးမှာ အဲဒါက အားသာချက်တရပ် ဖြစ်လိမ့်မယ်” လို့ ဟိုနိုလူလူက လုံခြုံမှုလေ့လာရေး၊ အာရှ-ပစိဖိတ်စင်တာက ဗီယက်နမ်လူမျိုး စပါယ်ရှယ်လစ် အလက်ဇန်ဒါ အယ် ဗူဗင်က ပြောပါတယ်။ “တကယ်လို့ တောင်တရုတ်ပင်လယ်မှာ တခုခုဖြစ်ခဲ့ရင် အမေရိကန်အနေနဲ့ အဲဒီကိုရောက်ဖို့ အချိန်ခနပဲလိုမယ်။ တရုတ်ကတော့ ပိုပြီး မြန်မြန်ဆန်ဆန် ရောက်နိုင်ပါတယ်။” တဲ့…။ မဟာမိတ်ဖွဲ့မှုများကို ရှောင်ရှားပြီး နိုင်ငံခြား စစ်အခြေစိုက် စခန်းတွေကို ပိတ်ပင်ထားတဲ့ ဗီယက်နမ်တွေဟာ အမေရိကန်တွေကို သီးသန့် အထူးအခွင့်အရေးပေး အသုံးချခွင့်ပြုမှာမဟုတ်ဘဲ တခြားသူများကိုလည်း အသုံးပြုခွင့်ပေးမှာ ဖြစ်တဲ့အကြောင်း ရှင်းရှင်းလင်းလင်း ပြောထားပြီးဖြစ်ပါတယ်။ စင်ကာပူနဲ့ ဂျပန် သင်္ဘောတွေဟာ ဒီနှစ်ထဲမှာ အဲဒီဆိပ်ကမ်းကို ပထမဆုံးအနေနဲ့ အသုံးပြုခဲ့ကြပါပြီ။ ဒုတိယနိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကင် မကြာခင်ကသွားခဲ့တဲ့ ဗီယက်နမ်ခရီးစဉ်မှာ ဝါရှင်တန်အနေနဲ့ စစ်အခြေစိုက်စခန်းတခုကို ရှာဖွေနေတာမဟုတ်ကြောင်း ဟနွိုင်ကို အာမခံသွားပါတယ်။ ပိတ်ဆို့မှုပယ်ဖျက်ရေးကတော့ ဝါရှင်တန်ရဲ့ စိတ်ချယုံကြည်မှုကိုရဖို့ အတော်ကြာဦးမယ့်ပုံပါပဲ။ အိုဘားမားအစိုးရအနေနဲ့ ဗီယက်နမ်နဲ့ ဆက်ဆံရေး တိုးတက်ကောင်းမွန်လာခြင်းက ပါတီစုံဒီမိုကရေစီစနစ် ဗီယက်နမ်ကို ရောက်လာအောင် ကြိုးစားနေတာပဲလို့ မြင်နေကြတဲ့ ကွန်ဆာဗေးတစ် ဗီယက်နမ်စစ်ဘက်ဆိုင်ရာတွေကတော့ စိုးရိမ်နေကြပါတယ်။ တောင်တရုတ်ပင်လယ်ထဲမှာ တရုတ်က ဘာတွေတည်ဆောက်နေတာလဲ တရုတ်က တောင်တရုတ်ပင်လယ်ထဲက သဲခုံကျောက်တန်းတွေပေါ်ကို ကြောက်စရာကောင်းလောက်အောင် များပြားတဲ့သဲတွေ စုပုံပြီး လူလုပ်ကျွန်းခုနှစ်ခုလောက် ဖန်တီးကာ ပထဝီနိုင်ငံရေး တင်းမာမှုတွေမှာ အခြေခိုင်အောင် အားစိုက် လုပ်ဆောင်နေပါတယ်။ “ဗီယက်နမ်စစ်တပ်ရဲ့ ဆန့်ကျင်မှုကို ကျော်နင်းဖို့အတွက် အမေရိကန်အနေနဲ့ စစ်လက်နက်တင်ပို့မှု ပိတ်ပင်ထားတာကို ပယ်ဖျက်ပေးခြင်းအားဖြင့် သူ့မှာ ကောင်းမွန်တဲ့ ရည်ရွယ်ချက် ရှိပါတယ်ဆိုတာ ပြဖို့လိုတယ်” လို့ ဒေါက်တာဗူဗင်က ပြောပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် စစ်ရေးအရ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ဖို့ တံခါးတွေ ဖွင့်ပေးလိုက်သလိုဖြစ်ပြီး ကမ်းရမ်ပင်လယ်အော် အသုံးပြုခွင့်ရရေးကလည်း ထပ်ချပ်မကွာ လိုက်လာမှာပါ။ ကာကွယ်ရေးဝန်ကြီး အက်ရှ်တွန် ဘီ ကာတာက လွန်ခဲ့တဲ့လကပြုလုပ်တဲ့ ဆီးနိတ် ကြားနာပွဲတခုမှာ သူ့အနေနဲ့ လက်နက်တင်ပို့မှု ပိတ်ပင်ရေး ပယ်ဖျက်ဖို့ကို ပြောခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ကမ္ဘာမှာ လူ့အခွင့်အရေး အချိုးဖောက်ခံရဆုံး တိုင်းပြည်တွေထဲက တနိုင်ငံလို့ သတ်မှတ်ခံထားရတဲ့ နိုင်ငံတခုအပေါ် လူ့အခွင့်အရေး ရှုထောင့်ကနေ ကြည့်တဲ့အခါ ပြဿနာတွေက ရှိနေဆဲပါ။ လွန်ခဲ့တဲ့အပတ်ထဲမှာ အမေရိကန်နိုင်ငံက ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး တွမ်မာလင် နော့စကီး ဟနွိုင်ကို လာရောက်ပြီး အိုဘားမား အလည်အပတ် မလာရောက်မီ လူ့အခွင့်အရေး ရရှိနေမှုတွေနဲ့ ပတ်သက်တဲ့ နောက်ဆုံးအကဲဖြတ်ချက် ချနိုင်ဖို့အတွက် လူ့အခွင့်အရေးအဖွဲ့ခေါင်းဆောင်များ၊ အစိုးရအရာရှိများနဲ့ တွေ့ဆုံခဲ့ပါတယ်။ သူ့အနေနဲ့ “နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိ လွှတ်ပေးဖို့” နဲ့ တခြားသော လူ့အခွင့်အရေးဆိုင်ရာတွေ တိုးတက်အောင် ဆောင်ရွက်ဖို့ ဟနွိုင်ကို တိုက်တွန်းခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။ ဗီယက်နမ်မှာ ယခုထက်တိုင် အစိုးရကို ဝေဖန်တဲ့ ဘလော့ဂါများ၊ ရှေ့နေများ အပါအဝင် နိုင်ငံရေးအကျဉ်းသား တက်ကြွလှုပ်ရှားသူ ၁၀၀ ကျော်လောက် အကျဉ်းထောင်တွေထဲမှာ ရှိနေဆဲ ဖြစ်ပါတယ်။ အမေရိကန် အစိုးရအရာရှိတယောက်က အလည်အပတ်သွားရောက်ပြီး မှတ်ချက်ပြု ပြောရာမှာတော့ ဗီယက်နမ်တွေဘက်က အပြုသဘော တုံ့ပြန်မှုတွေ ပြခဲ့တယ်လို့ ဆိုပါတယ်။ မစ္စတာ ဘလင်ကင် လွန်ခဲ့တဲ့လက ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ လူ့အခွင့်အရေးအချို့ တိုးတက်ရရှိလာမှုတွေ၊ အထူးသဖြင့် လွတ်လပ်တဲ့ အလုပ်သမားသမဂ္ဂများကို ပထမဆုံးအနေနဲ့ ဖွဲ့စည်းခွင့်ပြုခဲ့တာကို ချီးကျူးပြောကြားခဲ့ပါတယ်။ ထိပ်တန်း အတိုက်အခံခေါင်းဆောင်တယောက် ရုတ်တရက် လွတ်မြောက်တာတာက လက်နက်ရောင်းချမှု ပိတ်ပင်ထားတာကို ပယ်ဖျက်ရေး ရည်ရွယ်တာ ဖြစ်ပေမယ့် တခြားသော နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကိစ္စကို ချန်မထားသင့်ဘူးလို့ မစ္စတာ မာလင်နော့စကီးက ပြောပါတယ်။ “တကယ်လို့ အိုဘားမားက လက်နက်တင်ပို့ရောင်းချမှု ပိတ်ပင်ထားတာကို လုံးဝ ဖွင့်ပေးလိုက်မယ်ဆိုရင်တော့ အဲဒါ ဗီယက်နမ်အတွက်ရော၊ ဗီယက်နမ်-အမေရိကန် ဆက်ဆံရေးအတွက်ပါ သိပ်ကောင်းသွားမှာပါ” လို့ ဟနွိုင်က လူ့မှုရေး အဖွဲ့အစည်း တည်ထောင်သူတယောက်ဖြစ်တဲ့ ငုယင်ချွမ်အေက ပြောပါတယ်။ “ကွန်မြူနစ်တွေ ပြောတာက ကျနော်တို့ရဲ့ တရားဥပဒေစိုးမိုးမှု လေးစားသင့်ပြီး ပြဿနာတွေ မဖန်တီးသင့်ဘူး” တဲ့။ ဒီလိုပြောတာက ကျနော်တို့ အမြင်အရဆိုရင် အပြုသဘော မဆောင်ပါဘူး။ ဒါပေမယ့် အပြုသဘောဆောင်တာကတော့ အမေရိကန်နဲ့ ဗီယက်နမ် ဆက်ဆံရေး ခေတ်သစ်တခုကို စတင်လိုက်ပြီ ဆိုတာပါပဲ။ လက်နက်တင်ပို့ရောင်းချမှု ပိတ်ပင်ထားတာကို ဖွင့်ပေးလိုက်ခြင်းက အမေရိကန် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်သူများအတွက် ပွပေါက်တိုးတော့မယ်လို့တော့ မမျှော်လင့်နိုင်ပါ။ ၂၀၁၄ ခုနှစ်တုန်းက ဝါရှင်တန်က ပိတ်ပင်ထားတာရဲ့ တစိတ်တပိုင်း ဖွင့်ပေးလိုက်တဲ့အခါ လူသတ်လက်နက်မဟုတ်တဲ့ ရေကြောင်းကာကွယ်ရေးဆိုင်ရာ ပစ္စည်းများ တင်ပို့ရောင်းချမှုကို ခွင့်ပြုခဲ့ပါတယ်။ ဒါပေမယ့် ဗီယက်နမ်တွေ အမေရိကန်ပစ္စည်းတွေ သိပ်မဝယ်ကြပါဘူး။ ကမ်းခြေစောင့် ရေဒါစနစ် စက်ပစ္စည်းများကိုတောင် မဝယ်ခဲ့ကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ငွေမရှိလို့ပါလို့ သြစတြေးလျနိုင်ငံ ကင်ဘာရာမြို့က ကာကွယ်ရေးသုတေသီ ကားလ် သဲယာက ပြောပါတယ်။ ဒါဟာ ဗီယက်နမ်ရဲ့ ရေရှည် လက်နက်တင်ပို့ထောက်ပံ့သူ ရုရှားရဲ့ လေးလံလှတဲ့ ပစ္စည်းတွေနေရာမှာ အမေရိကန်လုပ် စက်ပစ္စည်းတွေကို အစားထိုးဖို့ရာမှာ ကုန်ကျစရိတ် သိပ်များနေမှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဗီယက်နမ်အနေနဲ့က ရုရှားလက်နက်တခုတည်းအပေါ်မှာ မှီခိုအားထားနေရတာကိုတော့ ဖြန့်ခွဲပစ်ချင်ပါလိမ့်မယ်။ ဗီယက်နမ်က ရုရှားလုပ် ရေငုပ်သင်္ဘောတွေကို ကိုင်တွယ်ဖို့ ရေတပ်သားတွေကို လေ့ကျင့်ရာမှာလည်း အိန္ဒိယတွေကို သုံးပါတယ်။ တချို့ စစ်လက်နက်ပစ္စည်းတွေ အတွက်လည်း အစ္စရေးကို သွားရှာခဲ့ကြပါတယ်။ လွန်ခဲ့တဲ့အပတ်ထဲက ဟနွိုင်မှာလုပ်တဲ့ ဗီယက်နမ်လိုအပ်တဲ့ စစ်ပစ္စည်းတွေကိစ္စ ဆွေးနွေးပွဲတခုမှာ ဘိုးအင်းနဲ့ လော့ဟိမာတင် ကုမ္ပဏီများ အပါအဝင် အမေရိကန် စစ်လက်နက်ထုတ်လုပ်သူများကို ဗီယက်နမ်အစိုးရ အရာရှိများက တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ဖီလာဒဲဖီးယားအခြေစိုက် ဆက်သွယ်ရေးပစ္စည်း ထုတ်လုပ်သူ EDI-USA ရဲ့ နိုင်ငံတကာဈေးကွက် ချဲ့ထွင်ရေးဒါရိုက်တာ ခရစ်တိုဖာ ဒဗလျူ စဖိဒုက အလိုချင်ဆုံး စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေထဲမှာတော့ ဆက်သွယ်ရေးပစ္စည်းတွေက ထိပ်ဆုံးက ရှိနေပါလိမ့်မယ်လို့ ပြောပါတယ်။ ရုရှားတွေအနေနဲ့ ဂူအမ်ကျွန်းဆီ ထောက်လှမ်းရေးသွားကြတဲ့ လေယာဉ်တွေအတွက် ဆီဖြည့်လေယာဉ်တွေ စခန်းချဖို့ ကမ်းရမ်ပင်လယ်အော်ကို အသုံးချနိုင်တဲ့ အထူးအခွင့်အရေးတရပ်က ရှိနေဆဲပဲ ဖြစ်ပါတယ်။ တောင်ဘက်နဲ့ အရှေ့ဘက်တွေမှာ တောင်ကုန်းတွေနဲ့ လွန်းထိုးထားသလို တောင်တရုတ်ပင်လယ်နဲ့ ခြားထားတဲ့ ကမ်းရမ်ပင်လယ်အော်ဟာ ကုန်းတွင်းပိုင်းကို မိုင် ၂၀ လောက် တိုးဝင်နေတဲ့ အရှေ့တောင်အာရှရဲ့ အကြီးဆုံး အကာအကွယ်ကောင်းတဲ့ ဆိပ်ကမ်းတခုဖြစ်သလို ရေနက်တာကြောင့် မဟာဗျူဟာ အချက်အချာကျတဲ့ ဆိပ်ကမ်းလည်း ဖြစ်ပါတယ်။ အဲဒီဒေသခံ မစ္စတာထောက်ကတော့ အမေရိကန်တွေ ပြန်လာဖို့ဆိုတာ သိပ်တော့ မြန်မြန်ဆန်ဆန် ဖြစ်မလာနိုင်ဘူးလို့ ဆိုပါတယ်။ “စပရက်ဒလေကျွန်းမှာ တရုတ်တွေ လေယာဉ်ပြေးလမ်းဆောက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဗီယက်နမ်လူမျိုးတွေက တော်တော် ဒေါသထွက်နေကြတယ်။ ကျနော်တို့တွက်တာတော့ တရုတ်က သူတို့လာချင်ရင် တနာရီအတွင်း ရောက်လာပြီး ဆိုင်ဂုံကို ဗုံးကြဲနိုင်တယ်။” လို့ တောင်တရုတ်ပင်လယ်ထဲက အငြင်းပွားနေတဲ့ ကျွန်းတွေကိစ္စကို ရည်ညွှန်းပြောဆိုပါတယ်။ ရဲထွန်း (သီပေါ) ၂၀၁၆ ခုနှစ်၊ မေလ ၁၉ ရက်နေ့ထုတ် New York Times မှ ဂျိန်းပါလက်ဇ် (JANE PERLEZ) ရေးသားသော Why Might Vietnam Let U.S. Military Return? China. ကို တိုက်ရိုက်ဘာသာပြန်ဆိုပါသည်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024