A d v e r t i s e m e n t With Us

ရှမ်းလက်နက်ကိုင်များ၊ ရှမ်းပါတီများ ပေါင်းစည်းရေး ကြိုးပမ်းမည်

ရှမ်းနိုင်ငံရေးပါတီတွေ ပေါင်းစည်းရေးနဲ့ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့တွေ  ပေါင်းစည်းရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (အက်စ်အက်စ်ဂျေအေစီ) က ပြောပါတယ်။ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ဇွန် ၆ ရက်က ကျင်းပသွားတဲ့ အက်စ်အက်စ်ဂျေအေစီ နှစ် ၂၀ ပြည့် အထိမ်းအမှတ် အခမ်းအနားမှာ ကော်မတီခေါင်းဆောင်တွေက ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အက်စ်အက်စ်ဂျေအေစီ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က “ကျနော်တို့ဥက္ကဋ္ဌကြီး ဦးခွန်ထွန်းဦးကလည်း ရှမ်းပြည်နယ်သူ ပြည်နယ်သားအားလုံး ခံစားနေရတဲ့ဒုက္ခတွေ ပူးပေါင်းဖြေရှင်းဖို့ အတတ်နိုင်ဆုံး ကြိုးစားသွားမယ်၊ ငြိမ်းချမ်းရေးရဖို့  ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောကြားသွားပါတယ်။ ဒီ အက်စ်အက်စ်ဂျေအေစီ အဖွဲ့အနေနဲ့ ရှမ်းပါတီများ ပေါင်းစည်းရေး၊ ရှမ်းလက်နက်ကိုင်များ ပေါင်းစည်းရေးကိုလည်း မျှော်လင့်ပါတယ်၊  ကြိုးစားဆောင်ရွက်သွားမှာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။ အက်စ်အက်စ်ဂျေအေစီအဖွဲ့မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ စတဲ့ အဖွဲ့ခေါင်းဆောင်တွေ ပါဝင်ပြီး နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ ဖွဲ့စည်းထားတာပါ။ အခမ်းအနားတက်ရောက်သူ ကျားခေါင်းပါတီ အမျိုးသားလွှတ်တော်အမတ် စိုင်းဝမ်းလိုင်းခမ်းက "ဒီအဖွဲ့တွေ အနှစ် ၂၀ တိုင်အောင် မခွဲမခွာ အတူလက်တွဲနိုင်လာတာ မလွယ်ဘူး၊ နိုင်ငံရေးနဲ့ စစ်ရေး အတူတွဲလုပ်လာနိုင်တာပေါ့နော်။ အရင်က အမြင်သဘောထားမတူလို့ ကွဲခဲ့တဲ့အဖွဲ့တွေ ကြားမှာလည်း ဒီအဖွဲ့က ၀င်ရောက်ညှိနှိုင်းပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ရှမ်းလူမျိုးတခုတည်း စည်းလုံးရေး ဆောင်ရွက်ရုံတင်မကဘူး၊ ရှမ်းပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားလူမျိုးတွေ အားလုံး စည်းလုံးညီညွတ်မှုလည်း အရေးကြီးတယ်လို့ မြင်ပါတယ်။ ဒီအဖွဲ့က ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ပါတယ်" လို့ သူ့အမြင်ကို ပြောပါတယ်။ လားရှိုး ရှမ်းစာပေယဉ်ကျေးမှု အသင်းတိုက်မှာ ကျင်းပတဲ့ ဒီအခမ်းအနားကို အန်အယ်လ်ဒီ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေး၊ ကိုးကန့်၊ လီဆူ၊ ကျားဖြူ အစရှိတဲ့ နိုင်ငံရေးပါတီအဖွဲ့ဝင်တွေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ၊ ဌာနေပြည်သူ့စစ်အဖွဲ့၊ လူမှုအခြေပြုအဖွဲ့က ဖိတ်ကြားထားသူတွေ စုစုပေါင်း ၆၀၀ လောက် တက်ရောက်ခဲ့ကြပြီး ရှမ်းပြည်နယ်တွင်းဖြစ်ပွားနေတဲ့ စစ်ပွဲတွေနဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့ကြပါတယ်။ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (အက်စ်အက်စ်ဂျေအေစီ) ဟာ လွန်ခဲ့တဲ့ ၁၉၉၆ ခုနှစ် ဇွန်လ ၆ ရက်နေ့ကတော့ ရှမ်းပြည်အမျိုးသားတပ်မတော်၊ ရှမ်းပြည်တပ်မတော်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ၃ ဖွဲ့ ပူးပေါင်းပြီး သျှမ်းပြည်ငြိမ်းချမ်းရေးကောင်စီ (အက်စ်အက်စ်ပီစီ) ဆိုတဲ့အမည်နဲ့ ထူထောင်ခဲ့တာ ဖြစ်ပါတယ်။  

A d v e r t i s e m e n t With Us

More News
Up