ယူရို ၂၀၁၆ ပြိုင်ပွဲ အကြမ်းဖက်တိုက်ခိုက်ရန် ကြံစည်သူကို ဖမ်းဆီး (ရုပ်သံ)

2.6K
လာမယ့် ဇွန် ၁၀ ရက်နေ့မှာ စတင်တော့မယ့် ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲ ကျင်းပချိန်အတွင်း အကြမ်းဖက်တိုက်ခိုက်ဖို့ စီစဉ်နေတဲ့ ပြင်သစ်နိုင်ငံသားတဦးကို ဖမ်းဆီး ထိန်းသိမ်းလိုက်တယ်လို့ ယူကရိန်း ထောက်လှမ်းရေးတွေက ဇွန် ၆ ရက်နေ့က ထုတ်ပြန်ပြောဆိုပါတယ်။
အသက်၂၅ နှစ်အရွယ် ပြင်သစ်အမျိုးသားရေး အစွန်းရောက်တဦးဖြစ်ပြီး ယူကရိန်းနဲ့ ပိုလန်နယ်စပ်မှာ ဖမ်းဆီးရမိခဲ့တာလို့ ယူကရိန်း ထောက်လှမ်းရေးမှူးချုပ်က ပြောပါတယ်။
သူနဲ့အတူ ရိုင်ဖယ်လက်နက်တွေ၊ ဖောက်ခွဲရေး အဝေးထိန်းစနစ်တွေ၊ တီအန်တီယမ်း ၁၂၅ ကီလိုလည်း ဖမ်းဆီးရမိခဲ့ပါတယ်။
ယူရို ၂၀၁၆ ဘောလုံးပွဲစဉ်ကို တိုက်ရိုက်ပစ်မှတ်ထား တိုက်ခိုက်မယ်ဆိုတာတော့ မရှင်းလင်းပေမယ့် ကားလမ်းနဲ့ တံတားတွေ၊ ဗလီတွေနဲ့ ဂျူးဘုရားကျောင်းတွေ စတဲ့နေရာ ၁၅ နေရာမှာ ပစ်မှတ်ထားတိုက်ခိုက်ဖို့ ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။
ဒီဖမ်းဆီးလိုက်သူကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက ယူကရိန်း ထောက်လှမ်းရေးဌာနက အနီးကပ်စောင့်ကြည့်နေခဲ့ပြီး ပြီးခဲ့တဲ့ ဇွန် ၄ ရက်နေ့က လက်နက်တွေနဲ့ ဖောက်ခွဲရေးပစ္စည်းတွေ သိမ်းဆည်းထားတဲ့ သူ့ရဲ့နေအိမ်မှာပဲ ဖမ်းဆီးခဲ့တာပါ။
ဖမ်းဆီးမှု ဗွီဒီယိုကို ယူကရိန်း အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။
ပြင်သစ် ရာဇ၀တ်မှုနှိမ်နင်းရေး အေဂျင်စီကလည်း ဒီအမှုကို စတင်စုံစမ်းနေပြီး ယူကရိန်းအာဏာပိုင်တွေဆီက အသေးစိတ် အချက်အလက်တွေတော့ မရရှိသေးဘူးလို့ ပြင်သစ်ရဲတပ်ဖွဲ့က ပြောဆိုထားပါတယ်။