မွတ်စလင်ရှေ့နေများ တရားမျှတမှုအတွက် ဆောင်ရွက်မည်

ဦးကိုနီ
2.3K
မြန်မာနိုင်ငံသား မွတ်စလင်တွေ ခွဲခြားဆက်ဆံခံရမှုမှ လွတ်မြောက်ပြီး အများနဲ့တန်းတူ ညီမျှ အခွင့်အရေးရရှိအောင် ဆောင်ရွက်ဖို့ ‘မြန်မာနိုင်ငံသား မွတ်ဆလင်ရှေ့နေများအသင်း’ ကို ရန်ကုန်မှာ ဇွန် ၄ ရက်နေ့က ဖွဲ့စည်းခဲ့ကြပါတယ်။
နိုင်ငံတွင်းမှာ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းဆိုတဲ့ လောကပါလတရားတွေ အမှန်တကယ်ထွန်းကားစေဖို့ ရည်ရွယ်ဖွဲ့စည်းတာလို့ အသင်းကို ဦးဆောင်သူတွေက ပြောပါတယ်။
နာယက အဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီက “မြန်မာနိုင်ငံသား မွတ်စလင်တွေ တန်းတူညီမျှမှု အခွင့်အရေးရရှိဖို့၊ နိုင်ငံသားဆိုင်ရာ မူလအခွင့်အရေးတွေ အပြည့်အ၀ ရရှိဖို့၊ မြန်မာနိုင်ငံတွင်းမှာ နေထိုင်တဲ့ မွတ်စလင်ကို ဥပဒေကြောင်းအရ အကာကွယ်ရရှိအောင် ဆောင်ရွက်ပေးဖို့ ရည်ရွယ်ဖွဲ့စည်းလိုက်တာပါ” လို့ ပြောပါတယ်။
အသင်းကို တရားဝင်ရပ်တည်နိုင်ဖို့ ဥပဒေနဲ့အညီ မှတ်ပုံတင်မှာဖြစ်ပါတယ်။
အစ္စလာမ်ဘာသာကိုးကွယ်မှုကြောင့် နိုင်ငံသားအခွင့်အရေး၊ လူ့အခွင့်အရေး နစ်နာနေကြရပုံကို ဦးကိုနီက “အလုပ်အကိုင်လျှောက်လို့ရှိရင် မွတ်စလင်ဆိုတာနဲ့ အခက်အခဲ အများကြီး ရှိတယ်ပေါ့ဗျာ။ တခြားလူမျိုးတခြားဘာသာက ပြဿ နာမရှိသော်လည်း ကိုးကွယ်တဲ့ ဘာသာ အစ္စလာမ်လို့ ပြောလိုက်တာနဲ့ ဘယ်လိုမှ မြန်မာနိုင်ငံသားအစစ်မဟုတ်ဘူး။ လူမျိုးကိုပါ နှိမ်ချလိုက်တယ်။ နိုင်ငံသားကတ်ပြားတွေလျှောက်တဲ့နေရာမှာလည်း တော်တော်ကိုအခက်ခဲ တွေနဲ့ကြုံရတယ်။”
“အဲဒီတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ နိုင်ငံသားအခွင့်အရေးကို အစ္စလာမ်ဘာသာကိုး ကွယ်တဲ့အတွက်ကြောင့် အပြည့်အ၀ မခံစားရတဲ့သဘောဖြစ်နေတယ်။”
မြန်မာနိုင်ငံမှာ အစ္စလမ်ဘာသာကိုးကွယ်သူတွေကို အစိုးရဘက်က ၁၉၆၂ ခုနှစ် အာဏာသိမ်းစဉ်ကစလို့ တဖြည်းဖြည်းချင်း တိုက်ခိုက်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ သိသာလာတယ်လို့ ဦးကိုနီက ဖြည့်စွက်ပြောဆိုပါတယ်။
“၂၀၁၂ ခုနှစ်နောက်ပိုင်းမှာ ကျနော်တို့ တော်တော်ကို မလုံမခြုံတွေဖြစ်လာတယ်ပေါ့လေ။ တကယ့်မြို့ကြီးပြကြီးတွေ မိတ္ထီလာ၊ မန္တလေးတွေလိုနေရာတွေမှာ တော်တော်ကို ဥပဒေနဲ့အညီ အုပ်ချုပ်မင်းလုပ်နေပါတယ်ဆိုတဲ့ အစိုးရမင်းများရှိတဲ့ကြားထဲက အင်အားနဲ့ အနိုင်အထက်ပြု တာတွေ တော်တော်ကိုခံရတာပေါ့ဗျာ။”
အစိုးရက ၂၀၁၄ ခုနှစ်မှာ သန်းခေါင်စာရင်းကောက်ယူခဲ့ပေမယ့် နိုင်ငံတွင်း မွတ်စလင်တွေရဲ့ အရေအတွက် မထုတ်ပြန်သေးတာကိုလည်း သူက ထောက်ပြပါတယ်။
အသင်းနာယကအဖြစ် ဦးကိုနီ၊ ဥက္ကဋ္ဌအဖြစ် ဦးကျော်ငြိမ်း၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဦးတင်ထွန်းနဲ့ အတွင်းရေးမှူးအဖြစ် ဦးခင်မောင်ချို တို့က တာဝန်ယူဆောင်ရွက်သွား မှာဖြစ်ပါတယ်။