တူရကီတွင် ကျောင်းကားတစီး တူးမြောင်းထဲထိုးကျ၊ ၁၄ ဦးသေဆုံး

ဓာတ်ပုံ - ရိုက်တာ
941
တူရကီနိုင်ငံ တောင်ပိုင်းမှာ ဇွန် ၆ ရက်နေ့က ကျောင်းကားတစီး တူးမြောင်းထဲထိုးကျပြီး ကလေး ၆ ဦး အပါအ၀င် လူ ၁၄ ဦး သေဆုံးသွားတယ်လို့ ဒေသခံသတင်းတွေက ဆိုပါတယ်။
ကျောင်းကနေအပြန် ကားတစီးနဲ့ အရင်တိုက်မိအပြီး အရှိန်မထိန်းနိုင်ဘဲ စိုက်ပျိုးရေးတူးမြောင်းထဲ ထိုးကျသွားတာလို့ အစိုးရပိုင် သတင်းဌာနက ဖော်ပြပါတယ်။
လူ ၂၆ ဦးလည်း ဒဏ်ရာရရှိခဲ့ကြတယ်လို့ သတင်းတွေက ဆိုပါတယ်။
လမ်းသွားလမ်းလာနဲ့ ဒေသခံတွေက တူးမြောင်းထဲကျသွားတဲ့ ကားပေါ် ပြေးတက်ပြီး အထဲမှာ ပိတ်မိနေသူတွေနဲ့ ဒဏ်ရာရရှိသူတွေကို ဆွဲထုတ် ကယ်ဆယ်ခဲ့တယ်လို့ ဆိုပါတယ်။
ကျောင်းသားလေးတွေဟာ ဆီးရီးယားနဲ့နယ်စပ်က ဟာတေ (Hatay) ခရိုင် ကျောင်းတကျောင်းကဖြစ်ပြီး ပြတိုက်နဲ့ အမျိုးသားဥယျာဉ် လေ့လာရေးခရီးကအပြန် ယာဉ်မတော်တဆမှု ဖြစ်ခဲ့တာပါ။