A d v e r t i s e m e n t With Us

အရက်သေစာ သောက်စားမောင်းနှင်သည့် ယာဉ်မောင်း ဝေဖန်မှုမြင့်တက် (ရုပ်သံ)

ထိုင်းနိုင်ငံမှာ ဇွန်လ ၅ ရက်နေ့ ညပိုင်းက အများပြည်သူသုံး ဘတ်စ်ကားတစီးပေါ်မှာ ယာဉ်မောင်းဖြစ်သူဟာ ဘီယာသောက်ပြီး မောင်းနှင်ခဲ့တဲ့အတွက် ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။ အဆိုပါယာဉ်မောင်းဟာ ဘီယာသောက်နေခဲ့တာကို စီးနင်းလိုက်ပါလာတဲ့ ခရီးသည်တွေက မျက်မြင်တွေ့ရှိပြီး ယာဉ်မောင်းနောက်ဘက်မှာ ထိုင်လျက်သား လိုက်ပါခဲ့တဲ့ ခရီးသည်တဦးက ရုပ်သံကင်မရာနဲ့ မှတ်တမ်းတင်ခဲ့တာပါ။ အဲဒီနောက်မှာ အွန်လိုင်း လူမှုကွန်ရက် စာမျက်နှာပေါ် တင်လိုက်ချိန်မှာ တာဝန်ချိန်တွင်း အရက်သေစာသောက်သုံးပြီး မောင်းနှင်ခဲ့မှုအတွက် ဝေဖန်မှုတွေ ဖြစ်လာခဲ့တာလို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ယာဉ်မောင်းဖြစ်သူဟာ ကားရပ်ပြီး ဘီယာတပုလင်း ၀ယ်ယူခဲ့တာ တွေ့ရပါတယ်။ သူဟာ ဘေးမှာထိုင်ပြီး ဆေးလိပ်သောက်နေတဲ့ စပယ်ယာဆီ ဘီယာပုလင်းကို ပေးလိုက်ပြီး စပယ်ယာဟာ ပုလင်းထဲက ဘီယာကို ဖန်ခွက်ထဲထည့်ပြီး ကမ်းပေးခဲ့တာပါ။ ယာဉ်မောင်းဟာ ဘီယာသောက်လိုက်၊ ဆက်မောင်းလိုက်နဲ့ သွားနေခဲ့တာကို တွေ့ရပါတယ်။ အဆိုပါယာဉ်မောင်းဖြစ်သူ မောင်းနှင်တဲ့ အမှတ် ၇၁ ဘတ်စ်ကားဟာ ဘန်ကောက်မြို့၊ အီကာမိုင်ခရိုင်နဲ့ ခန်နာယိုခရိုင်ကြား ပြေးဆွဲနေတာဖြစ်ပြီး ခရီးသည်တွေဟာ ခုလိုမျိုး မကြာခဏ ဆုံရတယ်လို့ ဆိုပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်နဲ့ ပတ်သက်ပြီး အင်တာနက် အသုံးပြုသူတွေဟာ အများပြည်သူနဲ့ ဆိုင်တဲ့နေရာမှာ ဘီယာသောက်ပြီး မောင်းနှင်ခဲ့တဲ့ ယာဉ်မောင်းကိုရော၊ ဘီယာသောက်နေတာကို မတားမြစ်ခဲ့ဘဲ ဆေးလိပ်သောက်နေခဲ့တဲ့ စပယ်ယာကိုပါ ဝေဖန်ပြစ်တင်ခဲ့ကြတာပါ။ အိုအိရှီ နီသရော့ဂ်ျ အမည်နဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတဦးက “ကျနော်လည်းပဲ စပယ်ယာတယောက်ပါ။ ဒီယာဉ်မောင်းကို ပြောချင်တာက သူ့အနေနဲ့ ကားပေါ်မှာပါလာတဲ့ ခရီးသည်တွေရဲ့ လုံခြုံမှုကို အလေးထားရပါမယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့အသက်ဟာ ယာဉ်မောင်းပေါ် မူတည်နေလို့ပါပဲ။ တကယ်လို့များ မတော်တဆ ထိခိုက်မှုတခုခု ဖြစ်ခဲ့တယ်ဆိုရင် ဆုံးရှုံးမှုအတွက် သူလျော်ပေးနိုင်မှာ မဟုတ်ပါဘူး” လို့ ရေးခဲ့ပါတယ်။ အင်တာနက် အသုံးပြုသူတွေဟာ ယာဉ်မောင်းနဲ့ စပယ်ယာကို အရေးယူသင့်တယ်လို့ ပြောခဲ့ကြပြီး ကုန်းလမ်းပို့ဆောင်ရေးဌာနကိုလည်း စည်းကမ်းနဲ့အညီ အရေးယူ ကြပ်မတ်သင့်တယ်လို့ ပြောကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up