တောင်တရုတ်ပင်လယ်ပိုင်နက် အဆုံးအဖြတ် တရုတ်က လက်မခံ

တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်အငြင်းပွားနေမှုနဲ့ပတ်သက်လို့ နိုင်ငံတကာတရားရုံးရဲ့ ဆုံးဖြတ်ချက်ကို လက်ခံမှာမဟုတ်ဘူးလို့ တရုတ် ဒုတိယစစ်ဦးစီးချုပ် ရေတပ်ဗိုလ်ချုပ်ကြီး ဆွန်ကျန်းဂို (Sun Jianguo) က ပြောပါတယ်။
ဇွန် ၅ ရက်နေ့က စင်ကာပူမှာ ကျင်းပပြီးစီးတဲ့ အာရှ လုံခြုံရေးထိပ်သီးဆွေးနွေးပွဲမှာ ပြောကြားခဲ့တာပါ။ ဒီပိုင်နက်နယ်မြေမှာ တရားဝင်၊ တရားမ၀င်ကိစ္စကို နိုင်ငံတကာတရားရုံးက မကြာမီ တရားစီရင်ဖို့ ရှိနေပါတယ်။
တောင်တရုတ်ပင်လယ်မှာ တင်းမာမှု အရှိန်မြင့်လာအောင် နိုင်ငံတချို့က ပြသနာတွေဖန်တီးနေတယ်လို့ နိုင်ငံအမည်ကို မဖော်ပြဘဲ သူက ပြစ်တင်ခဲ့ပါတယ်။
နိုင်ငံတနိုင်ငံဟာ ရေကြောင်းသွားလာရေးလွတ်လပ်မှု Freedom of Navigation (FON) ကို အကြောင်းပြုပြီး စစ်အင်အားပြနေသလို တရုတ်ကို ဆန့်ကျင်ဖို့ ရည်ရွယ်ပြီး မဟာမိတ်အဖွဲ့တဖွဲ့ ဖွဲ့စည်းဖို့ ကြိုးပမ်းနေကြောင်းနဲ့ ဒီလုပ်ရပ်ကို တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန်ဆန့်ကျင်ကြောင်း သူက ပြောကြားခဲ့ပါတယ်။
တောင်တရုတ်ပင်လယ်မှာ လွတ်လပ်တဲ့ ရေကြောင်းသွားလာမှုရရှိအောင် ဆောင်ရွက်နေတာ အမေရိကန်ပြည်ထောင်စုဖြစ်တာကြောင့် ရည်ညွှန်းတယ်လို့ ယူဆရပါတယ်။
FON ဟာ အစဉ်အဆက်ကျင့်သုံးခဲ့တဲ့ နိုင်ငံတကာဥပဒေစည်းမျဉ်းတရပ်ဖြစ်ပြီး ခြွင်းချက်ကလွဲလို့ နိုင်ငံအလံထောင်ထားတဲ့ ရေယာဉ်တွေကို တခြားနိုင်ငံက ၀င်ရောက်ဟန့်တားနိုင်ခြင်းမရှိစေရလို့ သတ်မှတ်ချက်ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ မေလ ကုန်ပိုင်းက တရုတ်နိုင်ငံဗဟိုစစ်ကော်မရှင် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေးရုံး ညွှန်ကြားရေးမှူး Guan Youfei က တရုတ်နိုင်ငံဟာ FON ကို အစဉ်အမြဲ လက်ခံကြောင်းနဲ့ ဒါပေမယ့်လည်း တပါးသူရဲ့ အခွင့်အရေး၊ ခံစားချက်နဲ့ လုံခြုံမှုကို ထည့်သွင်းမစဉ်းစားတဲ့ Wanton Navigation ကိုတော့ ဆန့်ကျင်ကြောင်း ပြောခဲ့ပါတယ်။
ဖိလစ်ပိုင်ကမကထပြုတဲ့ တောင်တရုတ်ပင်လယ်ခုံရုံးမှာ တရုတ်က ပူးပေါင်း ဆောင်ရွက်မှာ မဟုတ်သလို ထောက်ခံမှာလည်း မဟုတ်ဘူးလို့ ဆိုပါတယ်။ တရုတ်နိုင်ငံက ခုံရုံးက ဘယ်လိုရလဒ်မျိုးထွက်ပါစေ အသိအမှတ်ပြုမှာမဟုတ်သလို လိုက်ပါဆောင်ရွက်မှာလည်း မဟုတ်ဘူးလို့ ဆိုပါတယ်။
ဇွန် ၅ ရက်နေ့က တရုတ်စစ်ဘက်အရာရှိက စင်ကာပူမှာ ပြောပြီးချိန် ညနေစောင်းမှာတော့ ရှစ်ကြိမ်မြောက် အမေရိကန်-တရုတ် မဟာဗျူဟာမြောက်စီးပွာေးရးဆွေးနွေးပွဲအတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီဟာ တရုတ်နိုင်ငံကို ၂ ရက်တာခရီး ရောက်ရှိခဲ့ပါတယ်။
တောင်တရုတ်ပင်လယ်မှာ ပိုက်နက်အငြင်းပွားမငတွေ တရုတ်နိုင်ငံနဲ့ အာဆီယံနိုင်ငံအချို့အကြား ဖြစ်နေသလို တရုတ်နိုင်ငံက ပင်လယ်တွင်းမှာ ကျွန်းတုတွေ တည်ဆောက်နေမငတွေလည်းရှိနေပါတယ်။
အမေရိကန်ကလည်း တောင်တရုတ်ပင်လယ်တွင်းမှာ ကင်းလှည့်စစ်သင်္ဘောတွေ၊ လေယာဉ်တွေ ပေးပို့စေလွှတ်နေသလို တရုတ်နဲ့ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ဗီယက်နမ်နိင်ငံကို လက်နက်ရောင်းချမှု ပိတ်ပင်တာကို ပြန်ဖွင့်ပေးခဲ့ပါတယ်။