Home
မြန်မာသတင်း
ဘဏ်တိုးနှုန်း ၂ ရာခိုင်နှုန်းလျော့သွား၍ ချေးယူသူ အကျိုးရှိ
DVB
·
September 9, 2011
ဒီလ ၁ ရက်နေ့ကစပြီး ဘဏ်အတိုးနှုန်းတွေ ၂ ရာခိုင်နှုန်း လျှော့ချလိုက်တဲ့အတွက် ငွေချေးယူသူတွေအတွက်ပဲ အကျိုးများတယ်လို့ ပညာရှင်တချို့က ဝေဖန်နေကြပါတယ်။ အရင်က အပ်ငွေအပေါ် အတိုးနှုန်း ၁၂ ရာခိုင်နှုန်းပေးပြီး ချေးငွေအပေါ် ၁၇ ရာခိုင် နှုန်း အတိုးကောက်ယူနေရာက အပ်ငွေအပေါ် အတိုးနှုန်း ၁၀ ရာခိုင်နှုန်းထက်မနည်း ၁၂ ရာခိုင်နှုန်းထက်မများဘဲ အတိုးပေးဖို့နဲ့ ချေးငွေအပေါ် ၁၅ ရာခိုင်နှုန်းထက်မများဘဲ အတိုးကောက်ယူဖို့ ဗဟိုဘဏ်က အမိန့်ထုတ်ပြန်ခဲ့တာပါ။ ဒီလိုပြောင်းလဲကျင့်သုံးမှုကြောင့် လုပ်ငန်းတိုးချဲ့လိုတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ အဖို့ အကျိုးပိုများတယ်လို့လည်း ဒီနေ့ထုတ် အစိုးသတင်းစာတွေမှာ ရေးသားပါတယ်။ အတိုးနှုန်းတွေ လျှော့ချဖို့ ပြောင်းလဲလိုက်ပေမယ့် ဘဏ်တွေရဲ့ ၀န်ဆောင်ခက အရင်အတိုင်းပဲဖြစ်လို့ ဘဏ်တွေ တည်ထောင်ထားသူ အများစုဖြစ်တဲ့ လုပ်ငန်းရှင်ကြီးတွေ အကျိုးအမြတ် ရှိမြဲရှိနေပြီး အပ်နှံသူတွေပဲ အကျိုးလျော့သွားတာလို့ စီးပွားရေးပညာရှင်တဦးက တွက်ချက်သုံးသပ်ပါတယ်။ “အရင် သူတို့က ၁၂ ကျပ်နဲ့ လက်ခံတယ်၊ ၁၇ ကျပ်နဲ့ ပြန်ချေးတယ်။ အခုကျတော့ ၁၀ နဲ့ လက်ခံတယ်၊ ၁၅ ကျပ်နဲ့ ပြန်ချေးဆိုတော့ သူတို့က ၅ ကျပ်က မြတ်တာ မြတ်တာပဲ။ တကယ်တမ်း ထိတာကတော့ မလုပ်တတ်မစားတတ်လို့ ဘဏ်မှာ ပဲ ရှိတဲ့ဟာလေး ပေါင်ပြီးတော့ သွားထားတဲ့လူတို့လို၊ သက်ကြီးပိုင်းတို့၊ ပင်စင်စားတို့ အတွက်ကတော့ ၂ ကျပ်လျှော့သွားတာ ပေါ့လေ။ ကုန်ဈေးနှုန်းက ကျမှ မကျတာ။” အတိုးနှုန်းသစ်ကြောင့် ငွေအပ်သူတွေကို အကျိုးနည်းစေပေမယ့် ခုထိတော့ ငွေအပ်နှံသူတွေ ငွေပြန်ထုတ်တာ မတွေ့ရသေးသလို အဲ့ဒီလိုဖြစ်ခဲ့ရင် စိုးရိမ်ရမယ့် အခြေအနေတွေကိုလည်း စီးပွားရေးပညာရှင် ခင်မောင်ညို (ဘောဂဗေဒ) က သုံးသပ်ပြပါတယ်။ “၁၀ ရာခိုင်နှုန်းတောင်မှ ရအောင်မရှာနိုင်တဲ့ လူကတော့ ဘဏ်အပ်ပေါ့။ အခု ကြည့်နေတာက ခွဲထုတ်သွားတဲ့ အရိပ်အရောင်ကတော့ မတွေ့ရသေးဘူး။ စိတ်ပူစရာ တချက်က ဘဏ်ကနေ ခွဲထုတ်ကြတဲ့အတွက် ဘဏ်တွေ ဒုက္ခရောက်မှာ။ ထုတ်သွားတဲ့ ငွေတွေက အကျိုးရှိတဲ့နေရာမှာ ရင်းနှီးမြှုပ်နှံမှု မလုပ်ဘဲနဲ့ မြေတို့၊ အိမ်တို့၊ ကားတို့မှာ သွားကစားလိုက်ရင်လည်း ပိုပြီးတော့ဆိုးသွားနိုင်တယ်။ အတိုးနှုန်းက အရမ်းကြီးတော့ ချပေးလို့ရမယ်လို့တော့ မယူဆဘူး။ ဒီအခြေအနေမှာ တည်ငြိမ်မှုရှိရင်တော့ နောက်တ ဆင့် ထပ်ချပေးဖို့က ဖြစ်နိုင်တယ်လို့ ယူဆတယ်။” မြန်မာဘဏ်တွေယူတဲ့ ၀န်ဆောင်ခ ၅ ရာခိုင်နှုန်းဟာ အိမ်းနီးချင်း စင်ကာပူနိုင်ငံနဲ့ တန်းတူဖြစ်ပြီး အာဆီယံဒေသတွင်းနိုင်ငံတွေမှာ ၀န်ဆောင်ခ အမြင့်ဆုံးဖြစ်နေတာကို ဝေဖန်သူတွေလည်း ရှိပါတယ်။ အပ်ငွေနဲ့ ချေးငွေ အတိုးနှုန်း ကွာဟမှုပြင်းသွားမှာကိုလည်း စိုးရိမ်တယ်လို့ ခင်မောင်ညို (ဘောဂဗေဒ) က ပြောပါတယ်။ “ဘဏ်တွေက တကယ်တမ်းက လှုပ်လှုပ်ကလေးပဲ ရှိတာ၊ ဘာမှ သိပ်လှုပ်နိုင်တဲ့ အခြေအနေမှာ မရှိဘူး။ အခု ဘဏ်ရဲ့ အဓိကဝင်ငွေက အပ်တာနဲ့၊ နောက်တခုက လွှဲငွေကရတာရယ် ဒါတွေကို အားကိုးနေရတဲ့အခါကျတော့ ကွာဟချက်ကတော့ လျှော့ချလို့ မရသေးဘူး။ လောလောဆယ်မှာ ဘဏ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာရင် လျှော့ချလို့ရတယ်၊ ဘဏ်လုပ်ငန်း မဖွံ့ဖြိုးမတိုးတက်သေးရင်တော့ ဒီဟာ လုပ်လို့ မရဘူး။” ပုဂ္ဂလိကဘဏ်တချို့ကတော့ အပ်ငွေအပေါ် အတိုးနှုန်း ၁၀ ရာခိုင်နှုန်းထက်မနည်း ၁၂ ရာခိုင်နှုန်းထက်မများတဲ့ ပဏာမနဲ့ ပေးနိုင်အောင် ညှိနှိုင်းဈေး သတ်မှတ်ဖို့ စီစဉ်နေကြပြီး ဗဟိုဘဏ်ရဲ့ အတည်ပြုချက် ရယူကြရမှာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024