Home
ဆောင်းပါး
ဗင်နီဇွဲလားနိုင်ငံ ပြိုကွဲသွားတော့မှာလားနှင့် …
DVB
·
June 6, 2016
ဗင်နီဇွဲလားနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးတင်းမာမှုတွေအပြင် နှစ်ပေါင်းအတော်ကြာလာပြီဖြစ်တဲ့ စီးပွားရေး အကျပ်အတည်းကြောင့် ဗင်နီဇွဲလားနိုင်ငံရဲ့ ကံကြမ္မာအပေါ် လေ့လာစောင့်ကြည့်သူတွေနဲ့ စိတ်ဝင်စားတဲ့ နိုင်ငံတကာ ပြည်သူလူထုက စိုးရိမ်ကြောင့်ကြ ဖြစ်လာကြပါတယ်။ ဗင်နီဇွဲလားနိုင်ငံ ပြိုကွဲသွားတော့မှာလား။ ခုချိန်မှာ ဗင်နီဇွဲလားနိုင်ငံမှာ တကယ့် အခြေခံလိုအပ်တဲ့ဟာတွေက စားစရာပေါင်မုန့်၊ ဆေးဝါးနဲ့ ရေအိမ်သုံးစက္ကူတွေဖြစ်ပြီး အဲဒါတွေရဖို့ ဗင်နီဇွဲလားနိုင်ငံသားတွေ အပြင်းအထန် ကြိုးစားနေကြရတယ်လို့ ဆိုပါတယ်။ ရေနံဈေးနှုန်း ကမ္ဘာတ၀ှမ်း နိမ့်ကျနေမှုကလည်း နိုင်ငံကို အကြီးအကျယ် ထိခိုက်စေခဲ့ပါတယ်။ လူထုဝန်ဆောင်မှုလုပ်ငန်းတွေ အားလုံး ကွယ်ပျောက်သလောက် ဖြစ်သွားတဲ့အတွက် အမေရိကန်အရာရှိတွေက တနိုင်ငံလုံးဟာ ပြိုပျက်လုလု ဖြစ်နေတယ်လို့ သတိပေးခဲကြပါတယ်။ သမ္မတ နီကိုလပ်စ် မာဒူရိုကတော့ စီးပွားရေး အကျပ်အတည်းကို ကိုင်တွယ်ဖို့ နိုင်ငံကို အရေးပေါ်အခြေအနေ ကြေညာထားခဲ့ပါတယ်။ သူကတော့ နိုင်ငံခြားတိုင်းပြည်တွေရဲ့ ရန်လိုထိပါးမှုတွေလို့ သူခေါ်တဲ့ အရာတွေကို တိုက်ခိုက်ဖို့ ကြေညာလိုက်ပါတယ်။ သူက အဲဒီရန်လိုထိပါးမှုတွေဟာ ဗင်နီဇွဲလားနိုင်ငံကို ပြဿနာဖြစ်စေတယ်လို့ အပြစ်ဖို့ခဲ့ပါသေးတယ်။ အစိုးရတာဝန်ရှိပုဂ္ဂိုလ်တွေကတော့ အရေးပေါ် အခြေအနေ ကြေညာမှုဟာ ရင်းမြစ်တွေ ခွဲဝေပေးအပ်မှုကို ပိုပြီး ကောင်းမွန်လာစေတယ်လို့လည်း ဆိုကြပါတယ်။ တကယ်တော့ အဲဒီလိုလုပ်လိုက်တာဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပိုပြီး အခွင့်အာဏာပေးလိုက်တယ်လို့ ပြောရမှာပါပဲ။ ဝေဖန်သူတွေကတော့ ပိတ်ထားတဲ့ စက်ရုံတွေကို သိမ်းပိုက်ဖို့ ခြိမ်းခြောက်နေတဲ့ မာဒူရိုရဲ့ ခြိမ်းခြောက်မှုကို စိုးရိမ်နေကြပါတယ်။ ဒါပေမယ့် ဗင်နီဇွဲလား အတိုက်အခံ မဟာမိတ်တပ်ပေါင်းစုကတော့ ဘက်စုံ ထိုးနှက်တိုက်ခိုက်ရေး မဟာဗျူဟာတရပ်ကို ချမှတ်ပြီး သမ္မတ မာဒူရိုကို ရာထူးက ဖယ်ရှားဖို့ ကြိုးစားနေကြပါတယ်။ အဲဒီ မဟာဗျူဟာမှာ လမ်းပေါ်ထွက် ဆန္ဒပြမှုတွေနဲ့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဒါမှမဟုတ် သမ္မတရဲ့သက်တမ်းကို ဖြတ်တောက်လျှော့ချနိုင်ဖို့ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့တွေ ပါဝင်ပါတယ်။ အရမ်းဆိုးဝါးနေတဲ့ စီးပွားရေး အကျပ်အတည်း၊ ရာကျော်ဖြစ်နေတဲ့ ငွေကြေးဖောင်းပွမှုနဲ့ မြင့်တက်လာနေတဲ့ ရာဇ၀တ်မှုတွေအပေါ် ဖြစ်ပေါ်နေတဲ့ ပြည်သူလူထုရဲ့ စိတ်ဆိုးဒေါသဖြစ်မှုတွေကို အခွင့်ကောင်းယူဖို့ မျှော်လင့်ရင်း မာဒူရို ဆန့်ကျင်ဝေဖန်သူတွေက မာဒူရို ဖြုတ်ချရေး သူတို့ရဲ့ အစီအမံ အောင်ပွဲရဖို့ ခြောက်လအချိန်ကာလ သတ်မှတ်ခဲ့ကြပါတယ်။ သူတို့က လာမယ့် ဒီဇင်ဘာမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ သုံးပုံနှစ်ပုံနီးပါး အနိုင်ရနိုင်ခြေရှိတဲ့ အတိုက်အခံအင်အားစုရဲ့ အပြတ်အသတ် အောင်ပွဲခံမှုက သမ္မတကို ဖြုတ်ချနိုင်လိမ့်မယ်လို့ အခိုင်အမာ မျှော်လင့်နေကြပါတယ်။ တချို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ကျွမ်းကျင်သူတွေကတော့ သမ္မတသက်တမ်းကို ဖြတ်တောက်လျှော့ချဖို့ဆိုတာ လာမယ့်အချိန်မှာ အနိုင်ရ အရွေးချယ်ခံရမယ့် သမ္မတကပဲ လုပ်နိုင်မှာဖြစ်လို့ မာဒူရိုက သူ့ရဲ့ ၆ နှစ်သက်တမ်းကို ဘယ်လိုပဲဖြစ်ဖြစ် ပြီးဆုံးတဲ့အထိ နေသွားနိုင်မယ်လို့ ဆိုကြပါတယ်။ အလားတူပဲ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပဖို့ ဆိုတာကလည်း တရားဝင် ဖြတ်သန်းရမယ့် အဆင့်တွေက များလှသလို အဲဒါကလည်း သမ္မတရာထူးကနေ ထွက်ပေးဖို့အထိ လုပ်နိုင်ပါ့မလားလို့ သံသယရှိနေကြပါတယ်။ ဒီတော့ အတိုက်အခံရဲ့အကြံ အစီအမံတွေဟာ အလုပ်ဖြစ်ပါ့မလား။ နောက် စိုးရိမ်ရလောက်အောင် ဆိုးဝါးနေတဲ့ စီးပွားရေး အကျပ်အတည်းကရော ဗင်နီဇွဲလားနိုင်ငံကို ဘယ်လို မတည်မငြိမ် ဖြစ်လာစေနိုင်သလဲ စတဲ့ စိုးရိမ်သံသယတွေ ရှိနေကြပါတယ်။ ဒါပေမယ့် ဆန္ဒမဲနဲ့ သမ္မတကို ဖယ်ရှားပစ်ဖို့ ဘယ်အချိန်မှာ ဆန္ဒခံယူပွဲလုပ်မလဲ ဆိုတာကို ဆုံးဖြတ်မယ့် အစည်းအဝေးကတော့ သမ္မတ ဆန့်ကျင်သူတွေနဲ့ ပုလိပ်တပ်ဖွဲ့တို့ ရုန်းရင်းဆန်ခတ် ဖြစ်လိုက်ကြတဲ့အတွက် ပယ်ဖျက်ပစ်လိုက်ရပါတယ်။ ဗင်နီဇွဲလား အတိုက်အခံတွေကတော့ ရွေးကောက်ပွဲ အာဏာပိုင်တွေက သမ္မတ နီကိုလပ်စ်မာဒူရိုကို ဖယ်ရှားဖို့ ဘယ်လိုဆက်လုပ်ကြမလဲဆိုတာကို ဆုံးဖြတ်မယ့် အစည်းအဝေးကို ပယ်ဖျက်လိုက်ပြီးတဲ့ အချိန်မှာ ပြည်သူလူထုကို အေးဆေးငြိမ်သက်ကြဖို့ မေတ္တရပ်ခံခဲ့ကြပါတယ်။ အမျိုးသားရွေးကောက်ပွဲဘုတ်အဖွဲ့ (CNE) က သမ္မတ မာဒူရိုကို ဖြုတ်ချနိုင်ရေး ဆန္ဒခံယူပွဲ ကျင်းပဖို့ ကောက်ခံတင်ပြလာတဲ့ ၁ ဒသမ ၈ သန်းရှိတဲ့ ပြည်သူတွေရဲ့ လက်မှတ်တွေကို လက်ခံမလား၊ ငြင်းဆန်မလား ဆိုတာကို အဆုံးအဖြတ် ပေးခဲ့ကြရတာ ဖြစ်ပါတယ်။ မာဒူရိုကို အတိုက်အခံပြုသူတွေကတော့ ဒီနှစ်မှာ အာဏာပိုင်တွေက ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပမှာကို ခွင့်မပြုရင် တိုင်းပြည်တွင်းမှာ မငြိမ်မသက်ဖြစ်မှုတွေ ဆက်တိုက် ပေါက်ကွဲဖြစ်ပေါ်လာနိုင်တယ်လို့ ဆိုကြပါတယ်။ ပြီးခဲ့တဲ့ ကြသပတေးနေ့မှာ ပြုလုပ်ခဲ့တဲ့ အမျိုးသားရွေးကောက်ပွဲ ဘုတ်အဖွဲ့နဲ့ တွေ့ဆုံပွဲအပြီးမှာ အတိုက်အခံ ပြောရေးဆိုခွင့်ရှိသူ ဂျီးဆပ်စ် တော်ရဲလ်ဘားက ရွေးကောက်ပွဲ အာဏာပိုင်တွေက အဲဒါကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းပစ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ သူက “ကျနော်တို့က ဒီ မကြုံစဘူး တွေ့လာခဲ့ရတဲ့ အခြေအနေမှာ ကျနော်တို့ ဘယ်လိုဆက်လုပ်မယ်ဆိုတာကို တိုင်းပြည်ကို ကြေညာမှာပါ” လို့ ပြောခဲ့သလို… “ကျနော်တို့က ဗင်နီဇွဲလားပြည်သူတွေကို အေးဆေးငြိမ်သက်ကြဖို့ ပြောကြားပါရစေ” လို့လည်း မေတ္တာရပ်ခံခဲ့ပါတယ်။ ဗင်နီဇွဲလားနိုင်ငံဟာ ဒီနှစ်မှာ နိုင်ငံစီးပွားရေးက ၈ ရာခိုင်နှုန်းအထိ ကျဆင်းသွားလိမ့်မယ်လို့ ခန့်မှန်းထားသလို ငွေကြေးဖောင်းပွမှုကလည်း ၇၀၀ ရာခိုင်နှုန်းအထိရှိမယ်လို့ ခန့်မှန်းထားခဲ့ကြပါတယ်။ ဒီစီးပွားရေး အကျပ်အတည်းက အလွန်အကျွံ ငွေကြေးဖောင်းပွမှု၊ အစားအစာနဲ့ ဆေးဝါးပြတ်တောက်မှု၊ နေ့စဉ် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနဲ့ အစိုးရရုံးတွေနဲ့ အကြမ်းဖက်ရာဇ၀တ်မှုတွေကို ဘယ်လိုမှ အရေးယူမရအောင် ဖြစ်နေမှုတွေကို ခံစားနေရတဲ့ ပြည်သူလူထုရဲ့ နေ့စဉ်ဘ၀တွေကို အခက်အခဲအများကြီး ဖြစ်ပေါ်လာစေခဲ့တယ်လို့ ဆိုပါတယ်။ ကြာသပတေးနေ့က သမ္မတနန်းတော်ရှေ့မှာ အစားအစာ တောင်းဆိုနေကြတဲ့ ဆန့်ကျင်ဆန္ဒပြသူတွေရဲ့ ကြွေးကြော်သံတွေဟာ ကာရာကတ်စ်မြို့ရဲ့ ဗဟို ချက်ချာနေရာမှာ ပြည်သူလူထုရဲ့ ဒေါသပေါက်ကွဲမှုကို အထင်အရှား ပြသလိုက်တာပဲ ဖြစ်ပါတယ်။ ကာရာကတ်စ်မြို့ရဲ့ ဗဟိုချက်ချာ လမ်းမကြီးတွေပေါ်ကို စုဝေးရောက်ရှိလာကြတဲ့ လူ ၁၀၀ ကျော်က “ဘာစကားမှ ထပ်မပြောနဲ့တော့။ ကျုပ်တို့ အစားအစာပဲလိုချင်တယ်” လို့ အော်ဟစ်တောင်းဆိုခဲ့ကြပါတယ်။ ဆန့်ကျင်ဆန္ဒပြသူတွေဟာ သမ္မတနန်းတော်ကို ပိတ်ဆို့ကာကွယ်ထားတဲ့ ဒါဇင်ဝက်လောက်ရှိတဲ့ အကာအရံတွေအထိ ရောက်ရှိလာခဲ့ကြပြီးတဲ့ နောက်မှာတော့ ပုလိပ်တပ်ဖွဲ့က သူတို့ကို မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်လူစုခွဲတာကို ခံခဲ့ကြရပါတယ်။ ကာရာကတ်စ်မြို့ကနေ သတင်းပို့နေတဲ့ အယ်လ်ဂျာဇီးယား သတင်းထောက် ဗာဂျီးနီးယား လိုးပက်ဇ်ကတော့ “လူ ၁၀၀ လောက် ပင်မ အ၀င်လမ်းကနေ ၀င်လာကြတာ တွေ့ရပြီး သူတို့ဟာ တခြား မတူတဲ့ ရိပ်ငြိမ်လမ်းကနေ ၀င်လာတဲ့ လူအုပ်စုကြီးနဲ့ တွေ့ဆုံခဲ့ကြရပါတယ်။” လို့ သတင်းပေးပို့ခဲ့သလို “ဒါဟာ ကြိုတင်စီမံထားတဲ့ ကန့်ကွက်ဆန္ဒပြပွဲတခု မဟုတ်ပါဘူး။ အလိုလိုဖြစ်လာခဲ့တာပါ။ ဒီမြို့တော်မှာ ဒါဟာ ဖြစ်တောင့်ဖြစ်ခဲပါပဲ။ သူတို့ကို အစားအစာပေးပါလို့ တောင်းဆိုနေတဲ့ လူတွေပါပဲရှင်” လို့လည်း ပြောပြခဲ့ပါတယ်။ ကြာသပတေးနေ့က ကန့်ကွက်ဆန္ဒပြပွဲမှာတော့ လူအများစုဟာ မာဒူရို ထောက်ခံသူတွေရဲ့ မောင်းနှင်ထုတ်တာ ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဗင်နီဇွဲလား လူလတ်တန်းစားတွေ အများစုကို ဆွဲဆောင်နိုင်ခဲ့တဲ့ စည်းရုံးစုစည်းမှုရှိတဲ့ ဆန္ဒပြပွဲတွေဟာ သမ္မတနန်းတော်အထိ ဘယ်တုန်းကမှမရောက်ခဲ့ရအောင် ပုလိပ်တပ်ဖွဲ့က တားဆီးဖြိုခွဲခံခဲ့ရလေ့ ရှိပါတယ်။ ပြည်သူလူထုက အစားအစာပေးဖို့ တောင်းဆိုလာတဲ့အထိ ငတ်ပြတ်လာတာကို သမ္မတဆိုသူက နန်းတော်ထဲမှာ အစောင့်အကြပ်အပြည့်နဲ့ ကြည့်နေပြီး သူ့ဆီ ၀င်မလာနိုင်အောင် ပုလိပ်တပ်ဖွဲ့အင်အားသုံး ဖြိုခွင်းခိုင်းတဲ့ သမ္မတမျိုးဟာ ဘယ်လိုသမ္မတမျိုးဖြစ်မလဲ။ ကျနော်တို့ဆီက ပြီးခဲ့တဲ့ အစိုးရ သမ္မတကျတော့လည်း နေပြည်တော် သမ္မတအိမ်တော်ကိုတောင် ချီတက်ဆန္ဒပြတာ မဟုတ်တဲ့ အစာစားဖို့ အလုပ်လုပ်ပါရစေ၊ သူတို့ပိုင်စစ်တပ်က သိမ်းထားတဲ့ မြေတွေကို ပြန်ပေးပါ တောင်းနေတဲ့ အရပ်သား ဆင်းရဲသား ပြည်သူတွေကို ရက်ရက်စက်စက် မီးလောင်ဗုံးနဲ့ခွဲ သေနတ်နဲ့ ပစ်သတ် လုပ်ခဲ့ပြန်တယ်။ ဘယ်လိုသမ္မတ၊ ဘယ်လိုအစိုးရမျိုးတွေလည်းဆိုတာ မြင်သာထင်ရှားဖြစ်ပါတယ်။ ခုတက်လာတဲ့ စစ်တပိုင်း ဒီမိုကရေစီအစိုးရ ဆိုတာကို ကျနော်တို့ စောင့်ကြည့်ကြရပါလိမ့်မယ်။    ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024