ဗီယက်နမ်တွင် မူးယစ်ဆေး ၁၆ ကီလိုနီးပါး ဖမ်းမိ

ဓာတ်ပုံ - Tay Ninh newspaper
1.6K
ဗီယက်နမ်နိုင်ငံတောင်ပိုင်း တေနင့်ခ်ျပြည်နယ် အကောက်ခွန်အရာရှိတွေဟာ တရုတ်နိုင်ငံကသယ်လာတဲ့ ကွန်တိန်နာထဲက မူးယစ်ဆေးဝါး ၁၅ ဒသမ ၈ ကီလို တွေ့ရှိခဲ့တယ်လို့ Thanhnien ဗီယက်နမ်သတင်းစာက ဖော်ပြပါတယ်။
စက္ကူပုံးငါးပုံးထဲက မင်ဘူးတွေ၊ ကင်မရာတွေထဲမှာ ထည့်သွင်းဝှက်ယူလာခဲ့တာဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံကို ပို့ဆောင်ဖို့လို့ ဆာမက် နိုင်ငံတာနယ်စပ်ဂိတ် အကောက်ခွန် အရာရှိတွေက ပြောပါတယ်။
ဒီဖမ်းဆီးရရှိမှုကို ထပ်မံစစ်ဆေးဖော်ထုတ်ဖို့ ပြည်နယ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ပါတယ်။
ဗီယက်နမ်နိုင်ငံဟာ မူးယစ်ဆေးဝါးမှုနဲ့ ပတ်သက်လို့ တင်းတင်းကျပ်ကျပ် ဥပဒေချမှတ်ကျင့်သုံးတဲ့ နိုင်ငံတွေထဲက တခုဖြစ်ပါတယ်။
ဘိန်းဖြူ ၆၀၀ ဂရမ် သို့မဟုတ် မက်သာအဖက်တမင်း ၂ ကီလိုခွဲကျော် ပိုင်ဆိုင်ကြောင်း၊ သယ်ဆောင်ကြောင်း ထင်ရှားရင် သေဒဏ်စီရင်ခံရမှာ ဖြစ်ပါတယ်။
ဘိန်းဖြူ ၁၀၀ ဂရမ် သို့မဟုတ် တခြား တရားမ၀င် မူးယစ်ဆေးဝါး ၃၀၀ ဂရမ် ထုတ်လုပ်တာ၊ ရောင်းတာ ထင်ရှားရင်လည်း သေဒဏ်စီရင်ခံရမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့ကလည်း ဗီယက်နမ်မြောက်ပိုင်း လန်ဆွန်ပြည်နယ်မှာ လူငယ်တဦးရဲ့ အိတ်ထဲက မက်သာအက်ဖ်ကတမင်း ၆ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့ပါတယ်။
အဆိုပါ အသက် ၂၁ နှစ်အရွယ် လူငယ်က တရုတ်နိုင်ငံက သယ်ဆောင်လာတာလို့ ဖြောင့်ချက်ပေးခဲ့ပြီး မူးယစ်ဆေးဝါး ကုန်ကူးမှု၊ ရာဇ၀တ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
မေလ ၃၀ ရက်နေ့ကတော့ ဗီယက်နမ်နိုင်ငံမှာ ဘိန်းဖြူ ၃ ဒသမ ၅ ကီလို ကုန်ကူးဖို့ ကြိုးစားတဲ့ သြစတြေးလျနိုင်ငံသား တဦးကို တသက်တကျွန်းပြစ်ဒဏ် စီရင်ခဲ့ပါတယ်။
၂၀၁၃ ခုနှစ် အောက်တိုဘာလက ဆစ်ဒနီကို ပျံသန်းမယ့် လေယာဉ်စောင့်နေတဲ့ တန်ဆွန်နတ် လေဆိပ်မှာ သူ့ခရီးဆောင်အိတ်ထဲကနေ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ကနဦးပိုင်းက သေဒဏ်ချမှတ်ပြီးကာမှ တရားရုံးက ပြန်လည်လျော့ပေါ့ပေးခဲ့တာ ဖြစ်ပါတယ်။