သဘာဝဘေးအန္တရာယ် ကာကွယ်ရေး ပြုလုပ်ပေးရန် သရုပ်ပြတောင်းဆို
DVB
·
June 5, 2016
တွန်းဇန်မြို့နယ်ထဲမှာရှိတဲ့ ချင်းတောင်ပေါ်က သဘာဝမြေပြိုဆည်နဲ့ ပတ်သက်ပြီး ပြည်သူလူထု စိုးရိမ်မှုမရှိစေရေးနဲ့ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်း တွေကို အချိန်မီ ဆောင်ရွက်ပေးနိုင်ဖို့ ဒီနေ့မနက်ပိုင်းက ကလေးမြို့ အထက်ချင်းတွင်းဒေသ လူငယ်ကွန်ရက်က အစိုးရထံ တောင်းဆိုခဲ့ကြပါတယ်။
ချင်းပြည်နယ်၊ ဟန်ကင် သဘာဝမြေပြိုကန်အရေးနဲ့ သဘာဝဘေးအန္တရာယ် ကျရာက်ခဲ့တဲ့ ဒေသတွေအတွက် အစိုးရအနေနဲ့ ကြိုတင်ကာကွယ် ရေး အစီအစဉ်တွေကို အချိန်နဲ့တပြေးညီ ဆောင်ရွက်ပေးဖို့ တောင်းဆိုတာ ဖြစ်ပါတယ်။
သဘာဝမြေပြိုကန်နဲ့ ပတ်သက်ပြီးလည်း နိုင်ငံတကာပညာရှင်တွေက စိုးရိမ်ရတဲ့အနေ အထားရှိတယ်လို့ သတိပေးထားကြောင်း အထက်ချင်းတွင်းဒေသ လူငယ်ကွန်ရက်က ကိုကျော်သက်ဝင်းက ပြောပါတယ်။
သဘာဝဘေးအန္တရာယ်များနဲ့ ပတ်သက်ပြီး ကာကွယ်ရေးစီစဉ်မှုတွေ အချိန်မီ ဆောင် ရွက်ထားဖို့ တောင်းဆိုတဲ့ပွဲမှာ ကွန်ရက်လူငယ်တွေ ပါဝင်ခဲ့ပြီး၊ ပါဝင်ခဲ့တဲ့ လူငယ်တွေအနေနဲ့ ၂၀၁၅ ခုနှစ်၊ သြဂုတ် စက်တင်ဘာက ကလေးမြို့ ရေဘေးသင့်မြင်ကွင်း သရုပ်ဖော်မှုတွေနဲ့ ဖန်တီးပြသပြီး တောင်းဆိုခဲ့ကြပါတယ်။
ကလေးမြို့ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအတွက် ပြီးခဲ့တဲ့ လပိုင်းက ကလေး မြို့ တည်ဆောက်ရေးခန်းမမှာ လူကယ်ပြန်ဌာန ပြည်ထောင်စုဝန်ကြီး အပါအဝင် ဒေသတွင်း ဌာနဆိုင်ရာ အဖွဲ့အစည်းတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အရပ်ဘက်အဖွဲ့ဖြစ်တဲ့ အထက် ချင်းတွင်းဒေသ လူငယ်ကွန်ရက်၊ ကလေးလွင်ပြင် ရေဘေး ကူညီထောက်ပံ့ရေးအဖွဲ့တို့ တွေ့ ဆုံပြီး ကြိုတင်ကာကွယ်ရေး အစီအစဉ်တွေ ဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တယ်လို့လည်း သိရပါ တယ်။
သတင်းနှင့်ဓာတ်ပုံ - မင်းရဲစစ်နိုင်