A d v e r t i s e m e n t With Us

ပဲခူးမြို့တွင် တောဆင်ရိုင်း ၃ ကောင် ၀င်သောင်းကျန်း၊ အမျိုးသားတဦး ဆင်နင်းခံရ

ပဲခူးမြို့၊ ရပ်ကွက်ကြီး ၅ မှာ ဒီနေ့မနက် တောဆင်ရိုင်း (၃) ကောင် ၀င်ရောက်ခဲ့သောင်းကျန်းခဲ့လို့ အမျိုးသားတဦး ဆင်နင်းခံရပြီး အပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီဆင်တွေက မနက်အစောကြီးကတည်းက ရပ်ကွက် ၅ တဂူပြွန်တဲစုနားက ဘုန်းကြီးကျောင်းဝင်းအတွင်းက ဘုရားရှေ့တည့်တည့်မှာ ရပ်နေလို့ မောင်းထုတ်ခဲ့လို့ ထွက်သွားပြီးနောက် အခုလို ဖြစ်ပွားခဲ့တာဖြစ်ကြောင်း ပိန်းနွှဲပင်တောရကျောင်း ဆရာတော် ဦးသြဘာသက မိန့်ပါတယ်။ “မောင်းထုတ်လိုက်တော့ တောထဲကိုထွက်သွားပါတယ်။ မနက် ၇  နာရီလောက်ကျတော့ ကလေးတွေက လိုက်ကြည့်ကြတယ် ထင်တယ်။ အဲဒါကို ရပ်ကွက်ကြီး ၆ ကနေပြီး သဲဆယ်တဲ့လူက ကလေးတွေ ဆင်နင်းမှာစိုးလို့ဆိုပြီး၊ လေးခွနဲ့ ခြောက်လှန့်တဲ့အတွက် ဆင်တွေကသူ့ကို ပြေးထိုးတာ။ အဲဒီမှာ ဘုန်းဘုန်းခြံစည်းရိုးနားမှာလဲပြီး ခုလို အနင်းခံရတာ။” ဆင်နင်းခံရသူဟာ ပေါင်တချောင်းကျိုးကာ ဦးခေါင်းကတော့ အနီးနားက ခြံစည်းရိုးနဲ့ ထိုးမိပြီး ပေါက်ပြဲသွားတယ်လို့ ဆိုပါတယ်။ တောဆင်ရိုင်းတွေ ၀င်ရောက်သောက်ကျန်းတာနဲ့ပတ်သက်ပြီး ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်း၊ သစ်တော တာဝန်ရှိသူတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး အခင်းဖြစ်ရာနေရာကို ကြည့်ရှု စစ်ဆေးခဲ့ပြီး တောဆင်ရိုင်းတွေကို မောင်းထုတ်ဖို့ စီစဉ်နေတယ်လို့ ပဲခူးမြို့နယ် သစ်တောဦးစီးမှူး ဦးမင်းကျော်အောင်က ပြောပါတယ်။ လက်ရှိအခြေနေအရတော့ ဆင်ရိုင်းတွေကို သစ်တောဦးစီးက ၀န်ထမ်းတွေနဲ့ ပဲခူမြို့ အမှတ် ၃ ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေက အခြေနေကို စောင့်ကြည့်နေကြပါတယ်။ သတင်းနှင့်ဓာတ်ပုံ -  အောင်စိုးမိုး(ပဲခူး)  

A d v e r t i s e m e n t With Us

More News
Up