ဖီဖာ ဥက္ကဋ္ဌဟောင်းနှင့်ထိပ်တန်းအရာရှိ ၂ ဦး လစာတိုးယူခဲ့မှု ဖော်ထုတ်

ဖီဖာအဖွဲ့ ဥက္ကဋ္ဌဟောင်း ဆပ်ဘလတ္တာနဲ့ ထိပ်တန်းအရာရှိ ၂ ယောက်တို့ဟာ ကိုယ့်လစာ ကိုယ်တိုင် တိုးယူခဲ့ရုံမက ဘောနပ်စ်ဆုကြေး ချီးမြှင့်ငွေတွေ ကြံဖန်ယူခဲ့ကြတာကို အဖွဲ့တွင်း စုံစမ်းရေးအဖွဲ့က ဖော်ထုတ်နိုင်ခဲ့ပါတယ်။
ဖီဖာစုံစမ်းရေးအဖွဲ့ရဲ့ အဆိုအရ သူတို့ ၃ ဦးရဲ့ ၅ နှစ်စာ ဘောနပ်စ်ဆုကြေး ချီးမြှင့်ငွေက ဒေါ်လာ သန်း ၈၀ အထိ ရှိတယ်လို့ ဆိုပါတယ်။ ဒါဟာ အဆမတန်များလွန်းတဲ့ ပမာဏ ဖြစ်တယ်လို့ ဖီဖာ စုံစမ်းရေးအဖွဲ့က ဆိုပါတယ်။
ဖီဖာအဖွဲ့ သမိုင်းမှာ အဆိုးရွားဆုံး လာဘ်ပေးလာဘ်ယူမှုနဲ့ မေးမြန်း စစ်ဆေးခံနေရတဲ့ လူ ၄၂ ဦးထဲမှာ ထိပ်တန်း ဗဟိုကော်မတီဝင်တွေလည်း ပါဝင်ပါတယ်။
ဖေဖော်ဝါရီလမှာ ဖီဖာ ဥက္ကဋ္ဌရာထူးကို လက်ခံခဲ့တဲ့ အင်ဖန်တီနိုက ဘောလုံး အဖွဲ့ချုပ်ရဲ့ ဂုဏ်သိက္ခာကို ပြန်လည်မြှင့်တင်ပေးဖို့ ကတိပြုထားပါတယ်။
စုံစမ်းရေးအဖွဲ့က နောက်ဆုံး တွေ့ရှိထားတဲ့ လစာကိစ္စနဲ့ ပတ်သက်လို့လည်း ဥက္ကဋ္ဌကိုရော၊ ဆွစ်ရှေ့နေရုံး၊ အမေရိကန် တရားရေးဌာနတို့ကို အကြောင်းကြားထားပြီး ဆက်လက် စုံစမ်းသွားမယ်လို့ ဖီဖာ အဖွဲ့က ပြောပါတယ်။
ဘလတ္တာရဲ့ ပြောခွင့်ရသူကတော့ ဒီကိစ္စနဲ့ ပက်သက်လို့ ဘလတ္တာအနေနဲ့ မှတ်ချက်ပေးဖို့ ဆန္ဒမရှိဘူးလို့ ပြောပါတယ်။