မသန်စွမ်းသူများ တန်းတူ ပညာသင်ကြားခွင့်ရှိသော်လည်း ငြင်းပယ်ခံနေရဆဲ

မသန်စွမ်းသူတွေရဲ့ အခွင့်အရေးဥပဒေထုတ်ပြန်ခဲ့တာ တနှစ်ရှိနေပြီဖြစ်ပေမယ့် အကောင်အထည်ဖော်တာ မရှိသလောက် ဖြစ်နေပြီး မသန်စွမ်းသူတွေကို တစ်ချို့အစိုးရကျောင်းတွေက ကျောင်းအပ်လက်မခံတာတွေ ရှိနေပါတယ်။
သန်းခေါင်စာရင်းအရ မသန်စွမ်းသူ ၅ ဦးမှာ ၁ ဦးသာ မူလတန်းပညာသင်ခွင့်ရတာပါ။ စီမံချက်တခုအနေနဲ့ ရန်ကုန်က ကျောင်းတချို့မှာတော့ မသန်စွမ်းသူတွေကို လက်ခံသင်ကြားပေးနေပါတယ်။
“သူတို့ရဲ့ ချို့ယွင်းမှု၊ မသန်စွမ်းမှုတွေကြောင့် အဆင်ပြေနိုင်ပါ့မလားပေါ့။ တစ်ချို့ကျတော့လည်း ခုဆိုရင် ၄ တန်းနဲ့ ၈ တန်းက အစိုးရစစ်ဖြစ်နေတော့ ဒီကလေးရှုံးရင် ကျောင်းရဲ့ အောင်ချက် ရာနှုန်းကျမှာစိုးလို့ လက်မခံတာတွေ ရှိတယ်” လို့ ဧဒင်မသန်စွမ်းသက်ငယ်များပြုစုရာရိပ်မြုံက Trainning Assitant Mananger မစိမ်းလဲ့လဲ့ဆက်က ပြောပါတယ်။
လက်မခံတာကလည်း ဆရာတွေအနေနဲ့ မသန်စွမ်းသူတွေကို သင်ကြားနည်းစနစ်မသိတာ၊ သင်ထောက်ကူ ပစ္စည်းတွေ မရှိတာကြောင့်လည်း ဖြစ်ပါတယ်။ မနှစ်ကထက်စာရင်တော့ လက်ခံတဲ့အရေအတွက် ပိုများလာခဲ့တာပါ။
“ဒီနှစ်မှာ ရန်ကုန်က မြို့နယ် ၁၀ ခုက ကျောင်း ၅၀ မှာ မသန်စွမ်းကလေး ၁၈၀ ကို ကျောင်းအပ်ထားနိုင်ပါပြီ” လို့ မစိမ်းလဲ့လဲ့ဆက်က ပြောပါတယ်။
မသန်စွမ်းသူတွေကို အထူးကျောင်းတွေမှာ သီးသန့်တက်စေတာက လူ့အသိုင်းအဝိုင်းက ခွဲထုတ်သလိုဖြစ်တယ်လို့ မသန်စွမ်းသူတွေက ပြောပါတယ်။
“ အဓိက ကတော့ Society ( လူ့အဖွဲ့အစည်း) မှာ ကျနော်တို့ မသန်စွမ်းသူတွေလည်း သန်စွမ်းတဲ့သူတွေလို Inclusive (ပါဝင်မှု) ဖြစ်ချင်တယ်။ ကလေးတစ်ယောက်က အထူးကျောင်းမှာ သင်လိုက်ရရင် သီးခြားဖြစ်သွားမယ်။ အစိုးရကျောင်း၊ ပင်မကျောင်းမှာ သင်ရရင် သူ တဖြည်းဖြည်းကြီးလာတာနဲ့အမျှ ပိုပြီး ဝင်ဆံ့လာမယ်” လို့ ဧဒင်မသန်စွမ်းသက်ငယ်များပြုစုရာရိပ်မြုံရဲ့ Program Coordinator (Outreach) ကိုဌေးအောင်က ပြောပါတယ်။
ကုလသမဂ္ဂရဲ့ လူတိုင်းအကျုံးဝင်ပညာရေး သဘောတူစာချုပ်ကို မြန်မာနိုင်ငံအနေနဲ့ ၂၀၁၁ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့တာပါ။
၂၀၁၂ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ မသန်စွမ်းသူဦးရေ ၂၃ သိန်းကျော်ရှိပါတယ်။