A d v e r t i s e m e n t With Us

အိမ်းငှားရမ်းနေထိုင်သူများကို မူလကျူးကျော်ပိုင်ရှင်များက ဖယ်ရှားခိုင်း

ကျူးကျော်တွေကို နေရာပြန်ချပေးမယ်လို့ ကြေညာပြီးနောက်ပိုင်း မူလကျူး ကျော်တွေကတဆင့် အိမ်ငှားရမ်းနေထိုင်သူတွေကို ဖယ်ရှားခိုင်းတာတွေ ဆက်တိုက် ဖြစ်နေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကျူးကျော်တွေကို နေရာ ပြန်ချပေးမယ်လို့ ထုတ်ပြန်ကြေညာပြီးနောက်ပိုင်း ခုလို ဆက်တိုက်ဖြစ်ပွားနေတာပါ။ မူလကျူးကျော်တွေရဲ့  နေအိမ်တွေမှာ  ငှားရမ်းနေထိုင်သူတွေအနေနဲ့ အိမ် အကျယ်အဝန်းပေါ် မူတည်ပြီး တလ ကျပ် ၁၅၀၀၀ နဲ့အထက် ပေးချေနေထိုင်နေရပါတယ်။ ဒါပေမယ့်  မေလ ၂၅ ရက်နောက်ပိုင်းကစပြီး၊ အိမ်ငှားတွေကို အကြောင်းအမျိုးမျိုးနဲ့ ဆက်တိုက်ဖယ်ရှားခိုင်းတာတွေ ရှိလာတယ်လို့ ပြောကြပါတယ်။ ဒဂုံဆိပ်ကမ်းမြို့နယ် ကျူးကျော်နေအိမ်ငှားရမ်းနေထိုင်သူတဦးဖြစ်တဲ့ ကိုဇော်မင်းဦးက    “ပထမ အိမ်ငှားလိုက်တယ်။ အခုလို စာရင်းလေးတွေလည်း ၀င်လာရော အိမ်ရှင်တွေက တခါတည်း ငါအိမ်ပြင်စရာရှိလို့ ဘာလို့ဆိုပြီး မောင်းချတာတွေ၊ အဲဒါတွေက တော်တော်များများ ကြုံရတယ်။ သူတို့က ပိုက်ဆံရှိလို့ လာရင်းတာဗျ။ တကယ် ကျနော်တို့လို နေတာမဟုတ်ဘူး။ သူတို့က ပိုက်ဆံရှိတယ်ဆိုပြီးတော့ အရှင်းဆုံးပြောရရင် တဦးတည်း အိမ် ၁၅ လုံး၊ အလုံး ၂၀ ပိုင်တာတွေ တပုံကြီးပဲ” လို့ ပြောပါတယ်။ ဒဂုံမြို့သစ်တောင်ပိုင်းက ကျူးကျော်နေအိမ် ငှားရမ်းနေထိုင်သူတဦးဖြစ်တဲ့ ဦးမြင့်ဦးကလည်း     “တချို့ဆိုရင် အိမ်လေးငါးလုံးဆောက်ပြီးတော့ ငှားစားထားတဲ့ သူတွေလည်း ရှိတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ အခုတချို့ အိမ်ရှင်တွေက အိမ်ငှားတွေကို နှင်ပစ်နေတာတွေ ရှိနေတယ်။ သူတို့ ဒီဥစ္စာတွေကို စာရင်းကောက်ပြီးရင် အိမ်ငှားတွေကို ပေးလိုက်မှာစိုးလို့ဆိုပြီး တချို့အိမ်ငှားတွေဆို နေစရာမရှိလို့ လိုက်ရှာနေရတဲ့ အဆင့်တွေ မြင်နေရတယ်” လို့ ပြောပါတယ်။ ဒါ့အပြင်  ကျူးကျော်အိမ်၊ မြေနေရာတွေရဲ့ ဈေးနှုန်းတွေကလည်း မေလ ၂၅ ရက်နေ့နောက်ပိုင်းမှာ မြင့်တက်နေတယ်လို့ ပြောကြပါတယ်။ အရင်က  ၁၀ ပေ ပတ်လည်  ကျူးကျော်အိမ်တလုံးကို  ကျပ်သိန်း ၂၀ ဝန်းကျင် နဲ့ အရောင်းအဝယ် ရှိနေရာကနေ ဒီရက်ပိုင်းတွေမှာ  ကျပ် သိန်း ၃၀ အထက် မြင့်တက်လာပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က  ထုတ်ပြန်ချက်အရ    ရန်ကုန် ၄ ခရိုင် အတွင်းမှာ  ကျူးကျော်အိမ်ထောင်စု ၁၁၀၀၀၀ ကျော် လူဦးရေ ၄၃၀၀၀၀ ကျော်ထိ နေထိုင်နေတယ်လို့ သိရပါတယ်။ သတင်းနှင့်ဓာတ်ပုံ - အာကာ  

A d v e r t i s e m e n t With Us

More News
Up