ဖောင်ကြီးသင်တန်းတွင် ၀န်ထမ်းများကို စစ်သင်တန်းမပေးတော့ဟု တာဝန်ရှိသူပြော

ဖောင်ကြီးသင်တန်းမှာ ၀န်ထမ်းတွေကို စစ်သင်တန်း ပေးတော့မှာမဟုတ်သလို ဗဟိုဝန်ထမ်းတက္ကသိုလ်နှစ်ခုမှာ ဖွင့်လှစ်ပို့ချတဲ့ တက္ကသိုလ်၊ ကောလိပ် ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း၊ အခြေခံ ပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းတွေကို မဖွင့်တော့ဘူးလို့ ပြည်ထောင်စုရာထူးဝန် ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်းက ပြောပါတယ်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့ရဲ့ ရက် ၁၀၀ စီမံချက်အကြောင်းပြောဆိုရင်း အဲ့ဒီသင်တန်းတွေ ဆက်မဖွင့်တော့ဘူးလို့ ရာထူးဝန် ဥက္ကဋ္ဌ က ပြောလိုက်တာဖြစ်ပါတယ်။
လက်ရှိလှစ်ထားတဲ့ သင်တန်းနှစ်ခုပြီးရင် အထူးမွမ်းမံသင်တန်းဆိုတာတွေ ဆက်မဖွင့်တော့ဘဲ ပညာရေးဝန်ကြီးဌာနက သင့်လျော်တဲ့ သင်တန်းတွေအဖြစ် ဖွင့်လှစ်လေ့ကျင့်သင်ကြား ဆောင်ရွက်ခွင့်ပြုသွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
အရည်အသွေးပြည့်မီသော ပြည်သူ့ဝန်ထမ်းကောင်းတွေ မွေးထုတ်ပေးဖို့အတွက် ဗဟိုဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်) နှင့် ဗဟို ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တက္ကသိုလ် နှစ်ခုမှာ Civil Services Academy (CSA) တွေကို ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။
ဒါ့အပြင် ဗဟိုဝန်ထမ်းတက္ကသိုလ်တွေ (ဖောင်ကြီး) မှာ စစ်ပညာသင်တန်း မပေးတော့ဘူးလို့လည်း ဆိုပါတယ်။
န၀တ၊ နအဖ စစ်အစိုးရ လက်ထက် စတင်ဖွင့်လှစ်ခဲ့တဲ့ ဆရာ/ဆရာမများ အထူးမွမ်းမံသင်တန်းတွေဟာ ဆရာတွေအတွက် တစုံတရာ ထူးခြားတိုးတက်မှု မရှိဘဲ ငွေကုန် အချိန်ကုန်တဲ့ သင်တန်းတွေသာ ဖြစ်ခဲ့ပါတယ်။
အလားတူ ၀န်ထမ်းတွေတက်ရတဲ့ ဖောင်ကြီးဗဟိုဝန်ထမ်းသင်တန်းတွေဟာလည်း ငွေကုန်အချိန်ကုန်ပြီး ပင်ပမ်းဆင်ရဲတဲ့ သင်တန်းတွေသာဖြစ်ခဲ့ပြီး ၀န်ထမ်းအရည်အသွေး တိုးတက်ရေးအတွက် တစုံတရာ အထောက်အကူ မပြုတဲ့သင်တန်းတွေသာ ဖြစ်တယ်လို့ ဝေဖန်ခံနေရပါတယ်။