အစိုးရနှင့် ဆက်လက်ပူးပေါင်းမည်ဟု တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များပြော
DVB
·
June 4, 2016
ဒေါက်တာတင်မျိုးဝင်းခေါင်းဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီနဲ့ ဆက်လက်ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ အပစ်ရပ်စာချုပ်မှာ လက်မှတ်မထိုးသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့က ပြောဆိုလိုက်ပါတယ်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဇွန် ၁ ရက်ကနေ ၃ ရက်အထိပြုလုပ်ခဲ့တဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ ယူအန်အက်ဖ်စီရဲ့ အစည်းအဝေးအပြီး ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ လိုအပ်တဲ့ကိစ္စရပ်တွေကို ဆက်လက်ဆောင်ရွက်သွားကြဖို့ နှစ်ဖက် သဘောထားရရှိခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ အပစ်ရပ်စာချုပ်မှာ လက်မှတ်မထိုးသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လျန်ရေးတပ်ဖွဲ့တို့ဟာ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဇွန် ၃ရက်က ပထမအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။