Home
မြန်မာသတင်း
မွန်ပြည်နယ်တွင်းရှိ အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဆွေးနွေး
DVB
·
June 3, 2016
မွန်ပြည်နယ်တွင်းက အရပ်ဖက်အဖွဲ့အစည်းတွေဟာ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းမှာ အရပ်ဖက်အင်အားစုတွေရဲ့ ပါဝင်ဆောင်ရွက်နိုင်မှုအပိုင်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။ မော်လမြိုင်မြို့မှာ မေ ၃၀-၃၁ ရက်နေ့က ကျင်းပတဲ့ ငြိမ်းချမ်းရေးဖိုရမ်ကို အပစ်ရပ်အဖွဲ့နဲ့ နိုင်ငံရေးပါတီက ကိုယ်စားလှယ်တချို့အပါအ၀င် အရပ်ဖက်အဖွဲ့တွေရဲ့ ကိုယ်စားလှယ် ၁၀၀ ကျော် တက်ရောက်ဆွေးနွေးကြပါတယ်။ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ အရပ်သားတွေ ဆောင်ရွက်တဲ့ အပစ်ရပ်စောင့်ကြည့်လေ့လာရေးလုပ်ငန်းတွေကို အသိအမှတ်ပြုပေးကြဖို့ သူတို့က တိုက်တွန်း ခဲ့ကြပါတယ်။ ဒီဖိုရမ်ဟာ မြန်မာ့လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အများပြည်သူ ပိုမိုသိရှိဖို့၊ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ လက်ရှိငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းစဉ်အပေါ် ပြည်သူလူထုနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေရဲ့ အမြင်သဘောထားဖော်ထုတ်နိုင်ဖို့၊ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အရပ်ဖက် အဖွဲ့အစည်းတွေ ပါဝင်နိုင်မှုမြှင့်တင်ဖို့ ရည်ရွယ်ကျင်းပတာဖြစ်ပါတယ်။ အမျိုးသမီးတွေပါဝင်မှုကို မြှင့်တင်ပေးဖို့၊ အမျိုးသမီးတွေဘ၀လုံခြုံရေးအတွက် ခိုင်မာတဲ့ဥပဒေတွေ ပြဌာန်းကာကွယ်ဖို့၊ သယံဇာတထုတ်ယူမှုနဲ့ ဖွံ့ဖြိုးမှုလုပ်ငန်းတွေ ပွင့်လင်းမြင်သာဖို့၊ လူငယ် စွမ်းဆောင်ရည်မြင့်မားရေးနဲ့ လူငယ်ထုအကြား မူးယစ်ဆေးဝါးပြဿ နာကို ပူးပေါင်းဖြေရှင်းဖို့၊ တရားဥပဒေစိုးမိုးရေးနဲ့ အကျင့်ပျက်လာဘ်စားမှုတိုက်ဖျက်ဖို့တွေလည်း ငြိမ်းချမ်းရေးဖိုရမ်က တောင်းဆိုခဲ့ကြပါတယ်။ ဖိုရမ်မှာ ငြိမ်းချမ်းရေးနဲ့အမျိုးသမီးရေးရာကဏ္ဍ၊ ငြိမ်းချမ်းရေးနဲ့ လူငယ်ကဏ္ဍ၊ ငြိမ်းချမ်းရေးနဲ့ သယံဇာတစီမံခန့်ခွဲရေး၊ အကြီးစား ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး ကဏ္ဍ၊ ငြိမ်းချမ်းရေးနဲ့ အရပ်သားအပစ်အခတ်ရပ်စဲရေး စော့င်ကြည့်လေ့လာရေးကဏ္ဍတွေကို ဆွေးနွေးကြပါတယ်။ မကြာခင်ကျင်းပဖို့ပြင်ဆင်နေတဲ့ ၂၁ ရာစု ပင်လုံညီလာခံနဲ့ နောင်ဖြစ်ပေါ်လာမယ့် ငြိမ်းချမ်းရေး ညီလာခံတွေ၊ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပြည်သူလူထုရဲ့ အသံတွေ ရောက်ရှိပို့ဆောင်နိုင်ရေး အတွက် ပိုမိုကျယ်ပြန့်ပြီး၊ ကျစ်လစ်ပြီးကိုယ်စားပြုမှုကောင်းမွန်တဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်း များ ငြိမ်းချမ်းရေးဖိုရမ်တခုကို ထပ်ကျင်းပဖို့ ဆွေးနွေးသဘောတူခဲ့ကြပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစုပင်လုံညီလာခံကို ဇူလိုင်လကုန် ပိုင်းကျင်းပဖို့ ကြိုးပမ်းနေပြီး ညီလာခံနဲ့ တချိန်တည်းမှာ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ဖိုရမ်တခု ကို ပူးတွဲကျင်းပဖို့ ဆောင်ရွက်မယ်ဆိုတာ ရှင်းလင်းပြောဆိုထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024