A d v e r t i s e m e n t With Us

ဟောင်ကောင်ကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ယူကာ ဗီယက်နမ်ဗိုလ်လုပွဲတက်

AYA Bank Cup ရဲ့ အကြိုဗိုလ်လုပွဲ ပထမပွဲစဉ်အဖြစ် ဗီယက်နမ်နဲ့ဟောင်ကောင်အသင်းတို့ ဒီနေ့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ ဗီယက်နမ်အသင်းက ပင်နယ်တီအဆုံးအဖြတ်မှာ ၄-၃ ဂိုးနဲ့အနိုင်ယူပြီး ဗိုလ်လုပွဲတက်ခဲ့ပါတယ်။ ဟောင်ကောင်ရဲ့ ပွဲထွက်လူစာရင်းမှာ ဘရာဇီး၊ အင်္ဂလန်စတဲ့ နွယ်ဖွားကစားသမား ၆ ဦးအထိ အသုံးပြုခဲ့ပါတယ်။ ဗီယက်နမ်အသင်းကတော့ ဂျပန်ကလပ်မှာကစားနေတဲ့ လူငယ်ကြယ်ပွင့် ငုရင်ကောင်ဖောင်ကို အရန်ခုံမှာပဲ ထားပြီး လီကောင်ဗင်၊ ငုရင်ဗင်ကူရက်၊ ဖန်သန်လောင်းစတဲ့ အမာခံကစားသမားတွေနဲ့ ပွဲထွက်ကစားခဲ့ပါတယ်။ ပွဲအစပိုင်းမှာကတည်းက ဗီယက်နမ်ကဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားနိုင်ခဲ့ပေမယ့် ကြံ့ခိုင်မှုကောင်းတဲ့ ဟောင်ကောင်ရဲ့ နောက်ခံလူတွေကို မကျော်နိုင်ခဲ့ပါဘူး။ ဟောင်ကောင်ရဲ့ တိုက်စစ်ဆင်မှုတွေကိုလည်း ဗီယက်နမ်ခံစစ်က စနစ်တကျဖျက်ထုတ်နိုင်ခဲ့ပါတယ်။ ဒါကြောင့်ပထမပိုင်းမှာ နှစ်သင်းစလုံး ဂိုးမသွင်းနိုင်ခဲ့ကြလို့ ဂိုးမရှိ သရေကျနေခဲ့ပါတယ်။ ဒုတိယပိုင်းမှာ နှစ်သင်းစလုံးတိုက်စစ်ကို ပိုမိုဖိအားပေးကစားလာလို့ ပွဲကကြည့်ကောင်းခဲ့ပါတယ်။ ပွဲချိန် ၄၉ မိနစ်မှာတော့ ဟောင်ကောင်အသင်းဦးဆောင်ဂိုးရခဲ့ပြီး ညာခြမ်းကဖြတ်တင်ပေးတာကို အင်္ဂလန်ဖွားကစာသမား မက်ကီးကပိတ်သွင်းယူခဲ့တာပါ။ ပွဲကစားချိန် ၅၇ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ဗီယက်နမ်အသင်းအပိုင်း ကန်သွင်းခွင့်ရပေမယ့် တိုက်စစ်မှူး တွေအသုံးမချနိုင်ခဲ့လို့ ချေပဂိုးမရခဲ့ပါဘူး။ ဒါပေမယ့် ပွဲချိန် ၅၈ မိနစ်မှာတော့ ဘယ်ခြမ်းကဖြတ်တင်ပေးမှုကနေ ၀ါရင့်တိုက်စစ်မှူး လီကောင်ဗင်က အနီးကပ်ပိတ်သွင်းကာ ချေပဂိုးရယူခဲ့ပါတယ်။ ဆက်တိုက်ဆိုသလို ဖိကစားလာတဲ့ ဗီယက်နမ်အသင်းဟာ ပွဲချိန် ၆၂ မိနစ်မှာဦးဆောင်ဂိုးရခဲ့ပြီး ဒီဂိုးကိုလည်း အသင်းခေါင်းဆောင်လီ ကောင်ဗင်ကပဲ ညာခြမ်းကဖြတ်တင်ဘောကတစ်ဆင့် ခေါင်းတိုက်သွင်း ယူခဲ့တာပါ။ ဦးဆောင်ဂိုးပေးလိုက်ရတဲ့ ဟောင်ကောင်အသင်းဟာ တိုက်စစ်မှူးပေါလ်အိုလီဗာကို ထည့်သွင်းကာ  တိုက်စစ်မြှင့်ခဲ့ပါတယ်။ ပွဲချိန် ၇၇ မိနစ်မှာတော့ ညာခြမ်းက အသာမတင်ပေးမှုကနေပဲ မက်ကီးကဟောင်ကောင် အတွက်ချေပဂိုးသွင်းယူခဲ့ပါတယ်။ ပွဲ ၈၀ မိနစ်နောက်ပိုင်းမှာ ဗီယက်နမ်အသင်းက ပိုမိုဖိအားပေးတိုက်စစ်ဆင်ကစားခဲ့ပေမယ့် တိုက်စစ်မှူးတွေ အသုံးမချနိုင်ခဲ့လို့ နှစ်ဂိုးစီသရေကျနေခဲ့ပါတယ်။ ဒါကြောင့် သတ်မှတ်ထားတဲ့ပြိုင်ပွဲစည်းမျဉ်းအတိုင်း ပင်နယ်တီကန်သွင်းကာ အဆုံးအဖြတ်ရယူခဲ့ပါတယ်။ ပင်နယ်တီအဆုံးအဖြတ်မှာတော့ ဗီယက်နမ်အသင်းက ၄ ဂိုး ၃ ဂိုးနဲ့အနိုင်ယူကာ ဗိုလ်လုပွဲတက်ခဲ့ပါတယ်။ ဗီယက်နမ်အသင်းအနေနဲ့ ဇွန်လ ၆ ရက် မြန်မာနဲ့ စင်ကာပူအသင်းပွဲမှာ အနိုင်ရတဲ့အသင်းနဲ့ ဗိုလ်လုပွဲကစားရမှာဖြစ်ပါတယ်။  

A d v e r t i s e m e n t With Us

More News
Up