Home
မေးမြန်းခန်း
ငြိမ်းချမ်းရေးခိုင်မာဖို့ဆိုတာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ဒွန်တွဲနေပါတယ် - ဗိုလ်မှူးကြီးခွန်ဥက္ကာ
မျိုးဇော်လင်း
·
June 4, 2016
ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး တိုင်းရင်းသားအဖွဲ့အစည်းတချို့ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြပါတယ်။ အစိုးရသစ်လက်ထက် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ တိုင်းရင်းသားခေါင်းဆောင်တွေ အနေနဲ့ ဘာတွေ ထည့်သွင်းဆွေးနွေးသွားမယ်၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ငြိမ်းချမ်းရေး စတာတွေနဲ့ ပတ်သက်ပြီး ပအိုးဝ်အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။ မေး - ဒီနေ့နဲ့ဆို ငါးရက်တာ ဆွေးနွေးပွဲတွေလည်း ပြီးသွားပြီဆိုတော့ ဘာတွေများ ဆွေးနွေးဖြစ်ခဲ့လဲဗျ။ ဖြေ -    အခုလုပ်တဲ့ ဆွေးနွေးပွဲကတော့ အလုပ်ရုံဆွေးနွေးပွဲ ဖြစ်ပါတယ်။ ဒီအလုပ်ရုံ ဆွေးနွေးပွဲလေးရဲ့ ဘာသာရပ်ကတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ တိုင်းရင်းသားအဖွဲ့အစည်းတွေ လိုချင်တဲ့ပုံစံပေါ့။ ဖက်ဒရယ် System ပေါ့။ အဲဒီဟာကို ကျနော်တို့ နိုင်ငံတကာ ပညာရှင်တွေ ဖိတ်ခေါ်ပြီးတော့၊ အတွေ့အကြုံတွေ ရယူပြီးတော့ ကျနော်တို့ လေ့လာပြီး တဘက်ကလည်းလေ့လာ၊ တဘက်ကလည်း ကိုယ်လိုချင်တဲ့ပုံစံ အပြန်အလှန် ဆွေးနွေးတဲ့ အလုပ်ရုံဆွေးနွေးပွဲ ဖြစ်ပါတယ်။ မေး-    ဆွေးနွေးပွဲရဲ့ အဓိကရလဒ်ကျတော့ ဘာတွေများ ဖြစ်လာမလဲပေါ့။ အစိုးရသစ်လည်း ပြောင်းလဲလာပြီဆိုတော့။ ဖြေ-    ဆွေးနွေးပွဲရဲ့ အဓိကရလဒ်ကတော့ ဆွေးနွေးပွဲမှာ ပါဝင်တက်ရောက်တဲ့သူတွေက မိမိရဲ့မိခင်ပါတီတွေပေါ့။ အဖွဲ့အစည်းတွေကို ကိုယ်စားပြုတဲ့သူတွေဖြစ်တယ်။ နောက်ပြီးတော့ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်တဲ့သူတွေက ပြီးခဲ့တဲ့ ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှာ ပါဝင်တက်ရောက်တဲ့ ကိုယ်စားလှယ်အသီးသီး ဖြစ်ကြတယ်။ ဒါကြောင့် လာမယ့် အစိုးရသစ်ဖိတ်ခေါ်မယ့် နိုင်ငံရေးဆွေးနွေးပွဲ ကျနော်တို့ ငြိမ်းချမ်းရေးညီလာခံဖြစ်စေ၊ ၂၁ ရာစု ပင်လုံညီလာခံပဲဖြစ်ပါစေ၊ ဆွေးနွေးရမယ့် အကြောင်းအရာကတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဖြစ်တဲ့အတွက် အဲဒါကို ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ကျနော်တို့ရဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေဟာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ လိုအပ်ချက်တွေ၊ အခြေခံတွေ ကိုယ်လိုချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုပုံစံ၊ ကိုယ်လိုချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုမှာ ပါဝင်မယ့် ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်တွေရဲ့ပုံစံတွေ အဲဒါတွေကို ကျနော်တို့ အကျေအလည် ဆွေးနွေးညှိနှိုင်းတဲ့ အလုပ်ရုံ ဆွေးနွေးပွဲဖြစ်ပါတယ်။ မေး -    အခု တိုက်ပွဲတွေကလည်း ဒီလထဲမှာပဲ ရက်ဆက်လိုလို ဖြစ်နေတဲ့ အနေအထားရှိတော့လေ၊ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေကလည်း ကျန်နေသေးတဲ့ အခါကျတော့ ဘယ်လိုမျိုး ဖက်ဒရယ်ကို တည်ဆောက်သွားဖို့ ရှိမလဲခင်ဗျ။ ဖြေ -    ဒီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ငြိမ်းချမ်းရေးက ဆက်စပ်နေပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုကို ကျနော်တို့ အားလုံးပေါ့၊ ပါဝင်တဲ့သူတွေ ဘက်စုံသဘောတူပြီးတော့ အတူတကွ တည်ဆောက်ဖို့ နိုင်ငံရေးဆုံးဖြတ်ချက် သဘောတူချက်ရမယ်။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့အတွက်၊ နိုင်ငံရေးဆွေးနွေးပွဲတွေရဲ့ နောက်ဆုံးမှာ သဘောတူညီကြမယ်ဆိုရင်တော့ လူမျိုးတိုင်း လူမျိုးတိုင်း ကြီးသည်ငယ်သည် မခွဲခြားဘဲ အခွင့်အရေးတွေ သူ့နေရာနဲ့သူ မျှမျှတတ ရမယ်ဆိုရင်တော့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး အောင်မြင်သည်နှင့်အမျှ ကျနော်တို့ ငြိမ်းချမ်းရေးကလည်းပဲ ပိုခိုင်မာပြီးတော့ ငြိမ်းချမ်းရေးအတွက်လည်း အလားတူ အောင်မြင်လာမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးခိုင်မာဖို့၊ အောင်မြင်ဖို့ဆိုတာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ဒွန်တွဲနေပါတယ်။ ကျနော် အဲလိုတော့ ပြောချင်ပါတယ်။ မေး-    လက်ရှိ အန်စီအေ လက်မှတ်ထိုးထားတဲ့ ၈ ဖွဲ့နဲ့ အစိုးရနဲ့ပဲ ကျန်တဲ့ပါတီတွေနဲ့ ဒီ ဖက်ဒရယ်စနစ်ကို အကောင်အထည်ဖော်နိုင်မယ်ဆိုတဲ့ သဘောမျိုးလား။ ဖြေ - ဖက်ဒရယ်စနစ်ဆိုတာက အားလုံးအတွက်ပါ။ အခု ဒီမှာရှိတဲ့ ပြည်ထောင်စုဆို ပြည်ထောင်စုအားလုံးအတွက် ခံစားရမယ့်စနစ်ပါ။ ဒါကြောင့် ဒီ ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို တောင်းဆိုနေတဲ့ အဖွဲ့တွေက လက်မှတ်ထိုးသည်ဖြစ်စေ၊ လက်မှတ်မထိုးထားသည်ဖြစ်စေ၊ အဖွဲ့အစည်းတိုင်း၊ လူမျိုးတိုင်းက ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို တောင်းဆိုနေတာပါ။ ဒီ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ဆွေးနွေးအဖြေရှာခြင်း၊ ပြင်ဆင်ခြင်းဖြင့် ပြည်ထောင်စုတခုလုံး အကျိုးအတွက်၊ ပြည်ထောင်စုမှာနေထိုင်တဲ့ တိုင်းရင်းသားအားလုံးရဲ့ လိုလားချက်၊ အကျိုးစီးပွားအတွက်ဖြစ်တယ် ဆိုတာကိုတော့ ကျနော်တို့ ပြောရဲပါတယ်။ သို့သော်လည်းပဲ ဒီအခြေအနေ အကြောင်းအမျိုးမျိုးကြောင့် အမျိုးသားအဆင့် လက်မှတ်ရေးထိုးပွဲပေါ့။ ဒီအဆင့်ကို ထိုးဖို့ ကျန်တဲ့ အဖွဲ့ ၇ ဖွဲ့ ရှိပါတယ်။ အရင် ဦးသိန်းစိန်အစိုးရနဲ့ လက်မှတ်ထိုးထားတဲ့ တဖွဲ့ချင်းပေါ့။ ဘိုင်လစ်ထရယ် လက်မှတ်ထိုးထားတဲ့ အဖွဲ့အစည်းတွေဟာ ဘိုင်လစ်ထရယ် အဆင့်ကနေပြီးတော့ နေရှင်နယ်အဆင့်ကို တက်ပြီးတော့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးမယ်ဆိုရင်တော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ တရားဝင်ကိုယ်စားပြုပြီးတော့ ပါဝင် တက်ရောက်ခွင့် ရလာပါလိမ့်မယ်။ အဲဒီအချိန်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ဖက်ဒရယ်ပြည်ထောင်စု အကြောင်းကို ပါဝင်ဆွေးနွေးကြဖို့ ဖြစ်ပါလိမ့်မယ်။ အဲဒီအပေါ်မှာပဲ ကျနော်တို့က ဖက်ဒရယ်ပြည်ထောင်စု အကြောင်းကိုပဲ၊ တိုင်းရင်းသားလိုလားမှုကိုပဲ ကျနော်တို့ ၈ ဖွဲ့က အရင်ရောက်ပြီး အရင်ဆွေးနွေးညှိနှိုင်းတဲ့ သဘောဖြစ်ပါတယ်။ မေး -    ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ တပ်မတော်ဘက်ကနေပြီးတော့ တိုက်ပွဲတွေ ဖြစ်နေတဲ့ မဟာမိတ်သုံးဖွဲ့ကို လက်နက်ချဖို့၊ လက်နက်စွန့်ပယ်ဖို့ ပြောခဲ့တယ်ပေါ့နော်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဗိုလ်မှူးကြီး ခွန်ဥက္ကာတို့ကလည်း အရင်တုန်းက ဒီ လက်နက်ကိုင်တပ်ဖွဲ့တွေထဲမှာပဲ ရှိတယ်ဆိုတော့ ဘယ်လိုမျိုးမြင်ပါသလဲ။ ဖြေ -    ကျနော်တို့ အရင်တုန်းကလည်း ရှိပါတယ်။ အခုလည်း လက်နက်ကိုင်တပ်ဖွဲ့မှာပဲ ရှိပါတယ်။ သို့သော် ကျနော်တို့တပ်ဖွဲ့တွေက အပစ်အခတ်ရပ်နားထားတဲ့ အဆင့်ရှိပါတယ်။ အပစ်အခတ် ရပ်နားပြီးတော့ ဘာလုပ်မလဲ။ နိုင်ငံရေးဆွေးနွေးနေတဲ့ အဆင့်ရှိပါတယ်။ သို့သော် ကျနော်တို့ရဲ့ အပစ်အခတ် ရပ်နားထားခြင်း မရှိသေးတဲ့ အဖွဲ့တွေလည်း ရှိပါတယ်။ နောက်ပြီးတော့ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်မယ်လို့ ပြောပြီးတော့ တနိုင်ငံလုံးအဆင့် အပစ်ရပ်တဲ့ထဲမှာ မပါနိုင်တဲ့ အဖွဲ့တွေ ရှိပါတယ်။ အဲဒီအဖွဲ့တွေ အပေါ်မှာတော့ ကျနော်တို့ တပ်မတော်နဲ့ ထိတွေ့မှုတွေ ရှိနေပါတယ်။ ရှိတဲ့အပေါ်မှာတော့ တပ်မတော်ဘက်က ပြောတာကတော့ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ဖို့အတွက် ဆိုပြီးတော့ တိုက်ပွဲဖြစ်တယ်လို့ ပြောတယ်။ တဘက်က အဖွဲ့အစည်းတွေကလည်းပဲ ဘာပြောလဲဆိုတော့ သူတို့က သူတို့ကိုယ်သူတို့ သူတို့ရဲ့နယ်မြေ၊ သူတို့ရဲ့လူထုကို ခုခံကာကွယ်ဖို့အတွက် တိုက်ပွဲဖြစ်ပါတယ်ဆိုပြီး အဆိုက နှစ်ဘက်ရှိပါတယ်။ ကျနော့်အနေနဲ့ ဘယ်သူ့အဆိုမှန်တယ်၊ ဘယ်သူ့အဆိုမှားတယ်ဆိုတာကို သုံးသပ်ဝေဖန်ဖို့ အကြောင်းမရှိပါဘူး။ သို့သော်လည်းပဲ အကြောင်းပြချက်တွေ သူ့ဘက်ကိုယ့်ဘက်ပေးပြီးတော့ တိုက်နေတယ် ဆိုကတည်းကိုက ကျနော်တို့ဟာ ဒီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့အတွက် ဦးတည်ပြီးတော့ ဆွေးနွေးရမယ့် ဆွေးနွေးပွဲတွေဟာ ပြည့်ပြည့်စုံစုံတော့ ဖြစ်မှာမဟုတ်ဘူးလို့ ပြောရဲပါတယ်။ ဒါကြောင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ချင်တယ် ဆိုရင်တော့ အားလုံးပါဝင်တည်ဆောက်မှ ရမယ်။ ဘယ်သူ့မှ ချန်ထားလို့မရဘူး။ ဒါကြောင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ဖို့ နိုင်ငံရေးဆွေးနွေးပွဲတွေထဲမှာလည်းပဲ ပါဝင်နိုင်လာလို့ ရှိရင်တော့ ကျနော်တို့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှာ အစိတ်အပိုင်း ဖြစ်လာမှာပေါ့ဗျာ။ ဒါကိုတော့ ကျနော်တို့ မျှော်လင့်ပါတယ်။ မေး -    အခု နိုင်ငံတော်အတိုင်ပင်ခံကလည်း ၂၁ ရာစု ပင်လုံကို ၂ လအတွင်း လုပ်မယ်လို့ ပြောထားတယ်။ နောက်ပြီးတော့ အန်စီအေရဲ့ ဖြစ်စဉ်နောက်ပိုင်း ဆွေးနွေးပွဲတွေဖြစ်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းပိုင်းဆိုင်ရာ ဆွေးနွေးပွဲတွေက ဆက်လက်လှုပ်ရှားနေတယ်ဆိုတော့ ကျနော်မေးချင်တာတခုက ဘာလဲဆိုတော့ ဒီလိုတိုက်ပွဲတွေ ဖြစ်နေတယ်ဆိုရင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပြောထားတဲ့ ၂၁ ရာစု ပင်လုံအနေအထားနဲ့၊ နောက်ပြီးတော့ တိုင်းရင်းသားတွေဘက်က ဒီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ အနေအထားတွေရော ဖြစ်လာနိုင်ပါ့မလား၊ ဘယ်လိုမျိုး ထိခိုက်နိုင်လဲပေါ့နော်။ ဖြေ -    တိုက်ပွဲတွေ ဖြစ်နေတယ်ဆိုရင်တော့ ဒီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဟာ နေ့ချင်းညချင်းတော့ မဖြစ်သေးဘူးပေါ့။ ဘာပဲဖြစ်ဖြစ် ဒီလို နိုင်ငံရေး သဘောတူညီချက်၊ နိုင်ငံရေးအဖြေရှာတာက တိုင်းပြည်တိုင်းမှာ နှစ်ကြာပါတယ်။ နီပေါနိုင်ငံဆိုရင် ၉ နှစ်ကြာတယ်။ အချို့နိုင်ငံဆို ၅ နှစ်၊ ၆ နှစ် ကြာတယ်။ ကျနော်တို့ဆီမှာလည်းပဲ နိုင်ငံရေးအဖြေရှာပြီးတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်ဆိုတဲ့ အခြေခံ သဘောတူချက်ရဖို့ကတော့ ၃ နှစ်၊ ၅ နှစ်လောက်တော့ ကြာနိုင်ပါတယ်။ အဲဒီကာလ ကြားကာလတွေမှာတော့ တိုက်ခိုက်မှုတွေ၊ ပဋိပက္ခတွေက တဖြည်းဖြည်း လျော့နည်းသွားပြီးတော့ နောက်ဆုံး နိုင်ငံရေး သဘောတူညီချက်ရတဲ့အချိန်၊ ကျနော်တို့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေ ရတဲ့အချိန်မှာတော့ ကျနော်တို့ အတတ်နိုင်ဆုံး နှစ်ဘက်တိုက်ခိုက်မှုတွေဟာ လျော့နည်းသွားမယ်၊ အဟန့်အတား အပိတ်အပင်အားလုံး ရပ်ဆိုင်းသွားနိုင်တဲ့အထိတော့ ကျနော်တို့ ရည်မှန်းပါတယ်။ အဲဒီအချိန်မှာ ကျနော်တို့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဆုံးဖြတ်ချက်ကလည်း ကျနိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့  ၃ နှစ်နဲ့ ၅ နှစ်လောက် ကြာမယ့်အချိန်မှာ အခု ပထမပိုင်းမှာတော့ မြောက်ပိုင်းမှာ လက်နက်ကိုင်ပဋိပက္ခတချို့ ရှိပါတယ်။ သို့သော် တောင်ပိုင်းမှာ မရှိပါဘူး။ တောင်ပိုင်းမှာလည်းပဲ အန်စီအေ လက်မှတ်မထိုးတဲ့ အဖွဲ့တွေ ရှိပါတယ်။ အဲဒါက ကေအန်ပီပီတို့လို၊ မွန်ပြည်သစ်ပါတီတို့လို သူတို့က အန်စီအေမှာ ပါဝင်ထိုးခြင်း မရှိသေးပါဘူး။ အဲဒီနယ်မြေတွေမှာ လက်နက်ကိုင်ပဋိပက္ခ မရှိပါဘူး။ အထူးသဖြင့် မြောက်ပိုင်းထဲမှာ ရှိနေတာ တွေ့ရပါတယ်။ ဒါကြောင့် ဒီ အန်စီအေကို လက်မှတ်မထိုးသေးလို့ တိုက်ပွဲဖြစ်တယ်လို့ ပြောရင်လည်းပဲ ဒီအယူအဆက ရာခိုင်နှုန်းပြည့် မမှန်ပါဘူး။ သူ့အကြောင်းနဲ့သူ နှစ်ဘက်အကြောင်းတွေ ရှိကြပါတယ်။ ဒါကိုတော့ ကျနော်တို့ မဝေဖန်လိုပါဘူး။ မေး -    နောက်တခုက အန်စီအေရဲ့ နောက်ဆက်တွဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလည်း လုပ်နေတယ်။ ပြီးတော့ ဒီဘက်မှာလည်း တိုက်ပွဲတွေလည်း ဖြစ်နေတယ်ဆိုတော့ ငြိမ်းချမ်းရေးရဲ့ အနာဂတ်ပေါ့နော်။ အစိုးရသစ်ရဲ့ ငြိမ်းချမ်းရေးအနာဂတ်ကို ထိခိုက်နိုင်မလား၊ ဘယ်လိုမျိုးရှိနိုင်မလဲ။ ဖြေ -    အစိုးရသစ်ကလည်း နိုင်ငံရေးဆွေးနွေးပွဲကို ဦးဆောင်သွားမယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို မမှိတ်မသုန် ဆောင်ရွက်မယ်လို့ အာမခံပြီးသားဖြစ်တော့ အစိုးရဘက်ကလည်း ပြင်ဆင်မှုတွေ ရှိတယ်ဆိုတာ ကျနော်တို့ သိရပါတယ်။ ဒါကြောင့် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရုံနဲ့ မရဘဲနဲ့ အမျိုးသားအဆင့် အပစ်အခတ်ရပ်စဲဖို့အတွက် ကျနော်တို့ ကျန်နေသေးတဲ့ စာရင်းအတိုင်း ဆိုရင်တော့ ၇ ဖွဲ့ပေါ့ဗျာ။ အစိုးရရဲ့ စာရင်းပေါ့။ ၇ ဖွဲ့ ကျန်နေတာကို ကျနော်တို့တွေ့ရတော့ ဒီ ၇ ဖွဲ့အနေနဲ့ အခုသွားနေတဲ့ လုပ်ငန်းစဉ်မှာ သူ့အဆင့်လိုက် အဆင့်လိုက် ပါဝင်လာဖို့အတွက်တော့ အစိုးရဘက်က ပြင်ဆင်မှုရှိတယ်လို့တော့ ကျနော်တို့ သိရပါတယ်။ သို့သော် ကျနော်တို့ အသေးစိတ်ပေါ့လေ၊ ဘယ်လိုစဉ်းစားထားတယ်၊ ဘယ်လိုပြင်ဆင်ထားတယ်ဆိုတာတော့ ကျနော်တို့ မသိပေမယ့်လည်း အစိုးရကတော့ ပြင်ဆင်မှုကောင်းကောင်းနဲ့ လုပ်မှာပဲလို့တော့ ကျနော်တို့ ယုံကြည်ပါတယ်။ မေး -    အစိုးရသစ်ကကော လက်ရှိအချိန်ထိ ငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ နိုင်ငံရေးဆွေးနွေးပွဲပေါ့ စသည်ဖြင့် တခုခုများ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ စေ့စပ်ညှိနှိုင်း ဆွေးနွေးမှုတွေများ ရှိနေပြီလား။ ဘယ်လိုမျိုး ရှိနေပြီလဲ။ ဖြေ -    အခုကတော့ အစိုးရအသစ်အနေနဲ့ အလုပ်ကလည်းများတယ်။ တကယ့်အာဏာ လက်ဝယ်ရောက်ရှိလာတာလည်း သိပ်မကြာသေးတော့ တပြိုင်နက်တည်းမှာ အားလုံးကို လုပ်နေရတယ်။ ဒါကြောင့် တခုချင်း တခုချင်းကို ဖြေရှင်းတဲ့နေရာမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဘက်ကတော့ ၂ လပေါ့။ ၁ လကျော် ၂ လနီးပါး အချိန်ယူလာတာဖြစ်တယ်။ ပြီးတော့ တချက် ဒီအစိုးရဘက်က မူလရှိထားတဲ့ အစုအဖွဲ့တွေကို ပြန်လည်ပြုပြင်တာပေါ့။ အမ်ပီစီကို အမ်အာပီစီဆိုတဲ့ အဖွဲ့အစည်းနဲ့လဲပြီးတော့ ထပ်တာဝန်ယူတာတို့၊ နောက်ပြီးတော့ ကျနော်တို့ ၂၁ ရာစု ပင်လုံညီလာခံ ပေါ်ပေါက်ရေး ပြင်ဆင်ရေးကော်မတီတို့၊ နောက်ပြီးတော့ စည်းရုံးရေးကော်မတီတို့ အဲဒါတွေကိုလည်းပဲ ယာယီသဘောမျိုး စုဖွဲ့လိုက်တာတွေ တွေ့ပါတယ်။ အဲဒီစုဖွဲ့လိုက်တဲ့ ကော်မတီရဲ့ အဖွဲ့အစည်း ခေါင်းဆောင်တွေကတော့ ဒေါက်တာတင်မျိုးဝင်းနဲ့ တဘက်ကလည်း ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် တို့ ဦးဆောင်ပါတယ်။ အဲဒီခေါင်းဆောင်တွေရဲ့ ကျနော်တို့အပေါ် ဆွေးနွေးရှင်းပြချက်အရ ကျနော်တို့ တွေ့ဆုံတဲ့အပေါ်မှာ ရှင်းလင်းတင်ပြတာ ကြားရပါတယ်။ သူတို့ ရှင်းလင်းတင်ပြချက် အရကတော့ သူတို့အနေနဲ့ ရှိနေတဲ့ တနိုင်ငံလုံး ပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် အန်စီအေရဲ့ လုပ်ငန်းစဉ်အတိုင်းပေါ့။ အဲဒါတွေကိုလည်း သူတို့ မပစ်ပယ်ဘဲနဲ့ ဆက်သွားမယ်။ တဘက်ကလည်း အစိုးရသစ်ရဲ့ Initiative နဲ့ သူတို့ရဲ့ Mandate နဲ့ စုဖွဲ့ထားတဲ့သူတွေပဲ တပြိုင်နက်တည်း သွားမယ်။ သို့သော်လည်းပဲ ပူးပေါင်းဆောင်ရွက်ပြီးတော့ နောက်ဆုံး ကျနော်တို့ လမ်းကြောင်းတွေရှာပြီးတော့ မူလ အန်စီအေတုန်းက မဆောင်ရွက်နိုင်တဲ့၊ ကြွင်းကျန်နေတဲ့ အဖွဲ့အစည်းတွေ အပေါ်မှာလည်း သူတို့ လက်ရှိအစိုးရသစ်ရဲ့ Mandate နဲ့ အစိုးရသစ်ရဲ့ ကိုယ်စားပြုမှုနဲ့ ဆောင်ရွက်သွားမယ့်အဖွဲ့တွေ ပေါ်ပေါက်လာတာ တွေ့ပါတယ်။ မေး -    တိုက်ပွဲ ကျွမ်းကျင်လေ့လာ သုံးသပ်သူတွေက ပြောကြတာပေါ့။ မြောက်ပိုင်းမှာ အင်အားကြီး လက်နက်ကိုင်အဖွဲ့တွေ ပေါ်ပေါက်လာနိုင်တယ်ဆိုပြီးတော့၊ အဲဒီအပေါ်မှာ ဗိုလ်မှူးကြီးအနေနဲ့ ဘယ်လိုမျိုး ဝေဖန်သုံးသပ်ချင်ပါသလဲ။ ဖြေ -    လက်နက်ကိုင်အင်အားကြီး ပေါ်တာ မဟုတ်ပါဘူး။ လက်နက်ကိုင် တပ်ပေါင်းစုတွေစုဖွဲ့ပြီးတော့ အင်အားရှိတဲ့ တပ်ပေါင်းစု ပေါ်နိုင်တယ်လို့ သုံးသပ်တာပါ။ သူတို့ညွှန်းတာတော့ မြောက်ပိုင်း တပ်ပေါင်းစုပေါ့။  မြောက်ပိုင်းရဲ့ ထူးခြားတဲ့ဒေသ အခြေအနေရှိတယ်။ မြောက်ပိုင်းရဲ့ နယ်နိမိတ်ထိစပ်မှုတွေရှိတယ်။ မြောက်ပိုင်းမှာရှိတဲ့ အဖွဲ့အစည်းတွေရဲ့ သမိုင်းကြောင်းတွေက သီးခြားရှိပါတယ်။ ဒါကြောင့် အဲဒီအပေါ်မှာ သူတို့အနေနဲ့ ပဋိပက္ခတွေ ပြင်းထန်လာမယ်ဆိုရင်တော့ စုပေါင်းခုခံကာကွယ်မယ့် ပုံစံမျိုး။ နောက်ဆုံး မတ်လတုန်းက ပြုလုပ်တဲ့ ပန်ဆန်းညီလာခံကနေပြီးတော့ ထုတ်လိုက်တဲ့ စတိတ်မန့်မှာ တွေ့ရပါတယ်။ စုပေါင်းကာကွယ်မယ်ဆိုတဲ့ ဒီလိုလေသံမျိုးကို စတိတ်မန့်မှာတွေ့တော့ အဲဒီပေါ်မှာ မှီတည်ပြီးတော့ စုပေါင်းကာကွယ်ဖို့ဆိုရင်တော့ အနည်းဆုံးတော့ စစ်ရေးမဟာမိတ်လို အဖွဲ့အစည်းမျိုး ပေါ်နိုင်တယ်လို့ သုံးသပ်တာ ဖြစ်ပါတယ်၊ ကျနော်တို့ ထင်တာကတော့။ သို့သော်လည်း အဲဒါကလည်းပဲ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကပျက်ယပျက် လုပ်ဖို့မဟုတ်ဘဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို လမ်းမှန်ရောက်အောင်ပေါ့လေ။ သူတို့လိုချင်တဲ့ပုံစံနဲ့ ဖက်စပ်ပြီးတော့ လမ်းမှန်ရောက်အောင် ညှိနှိုင်းဆွေးနွေးရင်လည်း ရနိုင်သေးတယ်လို့ ကျနော်ကတော့ ယုံကြည်မှုရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024