မြစ်ဆုံစီမံကိန်း လူထုဆန္ဒအဓိကကျဟု ကချင်ဝန်ကြီးချုပ်က တရုတ်သံအမတ်ကိုပြောကြား

2.2K
မြစ်ဆုံစီမံကိန်းပြန်စရေးဟာ ပြည်သူလူထုရဲ့ဆန္ဒအပေါ့် အဓိက မူတည်နေတယ်လို့ ကချင်ပြည်နယ် ၀န်ကြီးချုပ်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနဲ့ တွေ့ဆုံစဉ် ပြောဆိုလိုက်ပါတယ်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် အပါအ၀င် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီး တွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန်နဲ့အဖွဲ့တို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။
ဒီတွေ့ဆုံပွဲမှာ တရုတ်သံအမတ်ဘက်က ငြိမ်းချမ်းရေးကိစ္စ၊ မြစ်ဆုံစီမံကိန်းကိစ္စနဲ့ ဖားကန့်က စက်ယန္တယားတွေကိစ္စကို လာရောက်ပြောဆိုခဲ့တယ်လို့ တွေ့ဆုံပွဲမှာပါဝင်တဲ့ ကချင်ပြည်နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးHလအောင် ကဒီဗွီဘီကို ပြောပါတယ်။
“ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ သူတို့က ဆက်ပြီးတော့ လုပ်စေချင်တာပေါ့။ ကချင်ပြည်နယ်ရဲ့ သဘောထားကို သူက သိချင်လို့ လာရောက်တွေ့ဆုံတဲ့သဘောပေါ့လေ။ မြစ်ဆုံကိစ္စကလည်း သူတို့က ကျနော်တို့ကို ဖိအားပေးတဲ့ပုံစံမဟုတ်ပေမယ့်အဲဒီသဏ္ဍာန်မျိုးပေါ့ဗျာ။ သူတို့နိုင်ငံဟာ အင်မတန် ကြွယ်ဝချမ်းသာတဲ့ ကမ္ဘာမှာ နံပါတ် ၂ အဆင့်ရှိတဲ့ နိုင်ငံဖြစ်တယ်ပေါ့ဗျာ။ ကျနော်တို့ နိုင်ငံက ဆင်းရဲ့တဲ့နိုင်ငံပေါ့လေ။ ဆင်းရဲရခြင်းဟာ ငြိမ်းချမ်းရေးမရှိလို့ပေါ့လေ။ တရုတ်က မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတာ အခုမှမဟုတ်ဘူး။ တော်တော်လေး ကြာပြီးလုပ်ခဲ့တဲ့ မိတ်ဆွေ နိုင်ငံတခုဖြစ်တဲ့ကြောင်းပေါ့လေ။ အဲတော့ ရှေ့ဆက်လုပ်မယ့်လုပ်ငန်းတွေမှာ သူတို့ကို ဦးစာပေး စေချင်တဲ့သဘောပြောတယ်။ သူတို့က ဒီမြစ်ဆုံကိစ္စကို အထူးတလည် သဘောထားလိုချင်တယ် ပေါ့လေ။ ”
တရုတ်သံအမတ်က မြစ်ဆုံစီမံကိန်းကို ပြန်လည် စတင်လိုကြောင်း ပြောဆိုခဲ့ပေမယ့် ကချင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်ကတော့ မြစ်ဆုံစီမံကိန်းဟာ ပြည်သူတွေရဲ့ ဆန္ဒသာ အဓိကဖြစ်တယ်လို့ ပြန်လည် ဖြေကြားခဲ့တယ်လို့လည်း ပြောပါတယ်။
“ဒီမြစ်ဆုံကိစ္စကတော့ အရင်တုန်းက ဦးသိန်းစိန်လက်ထက်တုန်းကလည်းပဲ တားမြစ်ထားတယ်။ အဲဒီတားမြစ်ထားတဲ့ လက်စနဲ့ ကျနော်တို့ အစိုးရလက်ထက်မှာ ဒါကိုပြန်ပြီး ဘာမှ မပြောသေးဘူး။ ဒီတိုင်းပဲ ဘာမှ ကျနော်တို့ဆီ ညွန်ကြားချက်လည်းမလာသေးဘူး။ ပြီးတော့ ဒီဥစ္စာ ကျနော်တို့နိုင်ငံက အခုက လူထုအစိုးရဖြစ်လာပြီပေါ့။ အရင်တုန်းကလိုမဟုတ်တော့ဘူး။ ဥပဒေလည်းအခုမှ တချို့ပြင်ဆင်စရာလေးတွေရှိတာလည်း ပြန်ပြီးပြင်ဆင်တဲ့ အဆင့်ဖြစ်နေ တယ်ဆိုတော့ အဲဒါတွေက လူထုဆန္ဒက အဓိက ကျတယ်ပေါ့လေ။ အဲလိုမျိုး ကျနော်တို့ ၀န်ကြီးချုပ်က ဖြေပေးပါတယ်။ ”
တရုတ်သံအမတ်ဟာ ကချင်ပြည်နယ်အစိုးရနဲ့ တွေ့ဆုံပြီး ညနေပိုင်းမှာတော့ မြစ်ဆုံဒေသက အောင်မြင်သာစုစည်းကျေးရွာကို သွားရောက်ပြီး ဒေသခံတွေနဲ့လည်း တွေ့ဆုံ ခဲ့ပါတယ်။
ဒေသခံတွေဘက်ကတော့ မြစ်ဆုံစီမံကိန်းကို လုံးဝ အလိုမရှိတဲ့အကြောင်း မနေ့ကတည်းက ဆိုင်းဘုတ်တွေထူ ပြီးကန့်ကွက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
အောင်မြင်သာကျေးရွာက မြစ်ဆုံအရေးလှုပ်ရှားသူ ဒေါ်ဂျာခေါင်က “အဓိက ဆန့်ကျင်လုပ်တာ က ဒီကနေ့ မြန်မာနိုင်ငံက တရုတ်သံအမတ်ရယ် CPI ကုမ္မဏီက လူအယောက် ၄၀ လောက် ကျမတို့ ပြောင်းရွှေ့စခန်းမှာလာပြီး ဒီကလူတွေနဲ့လာပြီး မေးမြန်းမယ်။ လက်ဆောင်တွေ လည်းပေးမယ်ဆိုပြီးတော့ ဒီမှာ အုပ်ချုပ်ရေးမှူးကိုလာပြောထားတယ်လေ။ အဲတော့ ကျမတို့ လည်း ဒီက ဒေသခံတချို့နဲ့တိုင်ပင်ပြီးတော့ ဒီမြစ်ဆုံစီမံကိန်းကို အလိုမရှိဘူးဆိုတဲ့ စာတန်းတွေကပ်တာလုပ်တာပေါ့။ ”
မြစ်ဆုံစီမံကိန်းဟာ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်လက်ထက်မှာ တရုတ် China Power Investment Cooperation (CPI)ကို ဆောင်ရွက်ခွင့်ပေးခဲ့တဲ့ ဒေါ်လာဘီလျံချီတဲ့ အကြီးစားစီမံကိန်းဖြစ်ပါတယ်။
စီမံကိန်းဟာ ဧရာဝတီမြစ်ရဲ့ ရေရှည်တည်တံ့မှု၊ ရေဝေရေလဲ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်စေမှု စတာတွေကြောင့် နိုင်ငံတ၀န်း ကန့်ကွက်ထုတ်ဖော်ခဲ့ကြပြီးနောက် ၂၀၁၀ ရွေးကောက်ပွဲက တက်လာတဲ့ သမ္မတဟောင်း ဦးသိန်းစိန်က စီမံကိန်းကို ယာယီရပ်ဆိုင်းခဲ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ မနှစ်ရွေးကောက်ပွဲမတိုင်ခင် မြစ်ကြီးနားမြို့ဟောပြောပွဲမှာ ရွေးကောက်ပွဲမှာ အနိုင်ရလို့ အစိုးရဖွဲ့နိုင်ရင် မြစ်ဆုံစီမံကိန်းကိစ္စအစိုးရနဲ့ သက်ဆိုင်ရာ ကုမ္ပဏီတွေနဲ့ ဘယ်လို သဘောတူထားလဲဆိုတာ ဖော်ထုတ်ချပြသွားမယ်လို့ ပြောကြားခဲ့ဖူး ပါတယ်။