တအာင်း၊ ကိုးကန့်၊ ရခိုင်၊ ၀၊ မိုင်းလားတပ်ဖွဲ့များကို အစိုးရ ဆွေးနွေးမည်

ဝ ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (ယူဒဗလျူအက်စ်အေ)
1.9K
ထိုင်းနိုင်ငံကိုရောက်ရှိနေနေကြတဲ့ အစိုးရကိုယ်စားလှယ်တွေက မြန်မာ့တပ်မတော်နဲ့ တိုက်ပွဲ ဖြစ်ပွားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့နဲ့ တွေ့ဆုံဖို့အတွက် အချိန်၊ နေရာ ညှိနှိုင်းနေကြပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ (၂) က စေ့စပ်ညှိနှိုင်းရေးတာဝန်ခံ ဒေါက်တာတင်မျိုးဝင်းဦးဆောင်တဲ့အဖွဲ့ဟာ ဒီမနက် အန်စီအေ (တပြည်လုံးအပစ်ရပ်စာချုပ်) လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေနဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မှာ တွေ့ကြပါ တယ်။
ဒီတွေ့ဆုံပွဲမှာ မတက်ရောက်ကြတဲ့ တအာင်းတပ်ဖွဲ့ (တီအန်အယ်လ်အေ)၊ ရက္ခိုင့်တပ်ဖွဲ့ (ယူအယ်အေ) နဲ့ ကိုးကန့်တပ်ဖွဲ့ (အမ်အန်ဒီအေအေ) အဖွဲ့ ၃ ဖွဲ့နဲ့ သီးသန့်တွေ့ဆုံဖို့ဖြစ်ပါတယ်။
တအာင်းပလောင်တပ်ဖွဲ့ (တီအန် အယ်လ်အေ) အထွေထွေ အတွင်းရေးမှူး တာ့ဘုန်းကျော်က “ငြိမ်းချမ်းရေးညီလာခံပြင်ဆင်ရေးကော်မတီက ဒေါက်တာတင်မျိုးဝင်းက ကျနော်တို့နဲ့ တွေ့ဆုံဖို့ မနေ့က အကြောင်းကြားပါတယ်။ ဒါပေမယ့် ချင်းမိုင်မှာက ကျနော်တို့တွေ့နိုင်တဲ့ ကိုယ်စား လှယ်မရှိလို့၊ အဲဒီမှာ ကျနော်တို့ ဗဟိုကော်မတီတယောက်တော့ရှိတယ်။ ဒါပေမယ့် အဲဒီဗဟို ကော်မတီအဆင့်နဲ့ဆိုလည်း လောလောဆယ်မှာ တွေ့ဖို့ရာအဆင်မပြေသေးလို့ မတွေ့သေးဘူး။ နောက်ပိုင်းမှ ထပ်တွေ့နိုင်မယ့် နေရာနဲ့အချိန်ကို ထပ်ညှိနေဆဲပါ။ ဒေါက်တာတင်မျိုးဝင်း တို့အဖွဲ့ ကလည်း သူတို့ဘယ်လောက်အထိ လာနိုင်မလဲ။ ကျနော်တို့ဘက်ကလည်း လုံခြုံရေးအရ ခရီး သွားလာမှုအရ ဘယ်မှာအဆင်ပြေနိုင်မလဲဆိုတာ ညှိနေတုန်းပါ” လို့ ပြောပါတယ်။
အခုတက်လာတဲ့ အန်အယ်လ်ဒီအစိုးရရဲ့ ဆောင်ရွက်ချက်တွေဟာ အပြုသဘောဆောင်ကြောင်း ဒီထက်ပိုပြီးမှတော့ ဘာမှပြောလို့မရသေးကြောင်း တာ့ဘုန်းကျော်က ပြောပါတယ်။
ရက္ခိုင့်တပ်မတော် ပြောခွင့်ရ ဗိုလ်မှူးကြီးကျော်ဟန်က ဖိတ်ကြားခဲ့တဲ့အပေါ် ကြိုဆိုလိုက်ပြီး အစိုးရနဲ့တပ်မတော်ရဲ့ သဘောထားအပေါ် မူတည်မယ်လို့ ပြောပါတယ်။
ဗိုလ်မှူးကြီးကျော်ဟန်က “ဖိတ်ခေါ်တဲ့အပေါ်မှာ ကျနော်တို့ကြိုဆိုပါတယ်။ အစိုးရတက်လာတာကို ကျနော်တို့ ၃ ဖွဲ့လုံးက ကြိုဆိုတယ်။ တိုးတက်တဲ့ရလဒ်တွေ ထွက်လာမယ်လို့မြင်တယ်။ သူတို့နဲ့ တွေ့ရင် ဘာဆွေးနွေးချင်လဲ ဆိုတာကတော့ လက်ရှိအစိုးရရဲ့ တပ်မတော်အနေနဲ့ ကျနော်တို့ပေါ် မှာ ထားရှိတဲ့ သဘောထားတွေ ဘယ်လိုမျိုးအပြောင်းအလဲရှိလဲ ဆိုတဲ့အပေါ်မှာ မူတည်တယ်။ အရင်တုန်းကတော့ ကျနော်တို့ ၃ ဖွဲ့ကို လက်နက်ချရမယ်လို့ ကာချုပ်က ပြောထားတာ ရှိတယ်လေ။ အဲဒီအနေ အထားကနေ ဘယ်လောက်များတိုးတက်ပြောင်းလဲသလဲဆိုတဲ့ ပေါ်မှာမူတည်တယ်လေ” လို့ ပြောပါတယ်။
TNLA တအာင်း / ULA ရခိုင် နဲ့ MNDAA ကိုးကန့် စတဲ့လက်နက်ကိုင် ၃ ဖွဲ့ဟာ ယူအန်အက်ဖ်စီ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီအဖွဲ့ဝင်ဖြစ်ပြီး သူတို့ ၃ ဖွဲ့ကို သမ္မတဦး သိန်းစိန်လက်ထက်က တနိုင်ငံလုံးအပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးရာမှာ ပါဝင်ခွင့် ငြင်းပယ်ခဲ့ပါ တယ်။
ဒီအဖွဲ့တွေကို ငြင်းပယ်ခြင်းရဲ့ အကျိုးဆက်အဖြစ် အားလုံးအတူတကွလက်မှတ် ရေးထိုးရေး အခြေခံမူကို ကိုင်စွဲထားတဲ့ ကျန်အဖွဲ့တွေလည်း လက်မှတ်မထိုးခဲ့ကြပဲ အန်စီအေစာချုပ်ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့သာ လက်မှတ်ထိုးခဲ့ကြပါတယ်။
စေ့စပ်ညှိနှိုင်းရေးမှူးဦးဆောင်တဲ့ အစိုးရကိုယ်စားလှယ်တွေဟာ လာမယ့်ရက်ပိုင်းမှာလည်း ယူဒဗလျူအက်စ်အေ ၀ တပ်ဖွဲ့ ၊ အန်ဒီအေအေ မိုင်းလားတပ်ဖွဲ့တို့နဲ့လည်း တွေ့ဆုံကြပါမယ်။
“(၀၊ မိုင်းလား) တတ်နိုင်သလောက် ကျနော်တို့ တွေ့ဖို့ကြိုးစားနေပါတယ်။ ရှေ့အပတ်လောက် တွေ့နိုင်ဖို့ ကြိုးစားနေပါတယ်”လို့ ဒေါက်တာတင်မျိုးဝင်းက ပြောပါတယ်။