A d v e r t i s e m e n t With Us

အမေရိကန်စစ်လေယာဉ် ၂ စီးပျက်ကျ၊ လေယာဉ်မှူးတဦး သေဆုံး (ရုပ်သံ)

အမေရိကန်နိုင်ငံ တင်နက်ဆီပြည်နယ်မှာ ဇွန်လ ၂ ရက်နေ့ တနေ့တည်း စစ်လေယာဉ် ပျက်ကျမှု ၂ ရပ် ဖြစ်ပွားခဲ့ပါတယ်။ တင်နက်ဆီပြည်နယ် ရေတပ်ရဲ့ ဘလူးအိန်ဂျယ် လေယာဉ်အုပ်စုမှ လေယာဉ်မှူးတဦးဟာ သူရဲ့ F/A-18 ဂျက်လေယာဉ်နဲ့အတူ ပျံသန်းချိန်မှာ နက်ရှ်ဗယ်လီမြို့ အရှေ့တောင်ဘက် ၂၄ မိုင်အကွာကို ပျက်ကျခဲ့တယ်လို့ မြို့အုပ်ချုပ်ရေးမှူး ဟယ်ရီဂီးလ်က သတင်းထောက်တွေကို ပြောပါတယ်။ အဆိုပါလေယာဉ်ဟာ လေဆိပ်ပြေးလမ်းကနေ ၂ မိုင်အကွာမှာ ပျက်ကျခဲ့တာပါ။ ဘလူးအိန်ဂျယ်စ် လေယာဉ်အုပ်ဟာ လာမယ့် သီတင်းပတ်ကုန်ရက် လေကြောင်းပြပွဲ အတွက် ပျံသန်းလေ့ကျင့်နေခဲ့တာလို့ ရေတပ်က ဆိုပါတယ်။ ပျက်ကျရတဲ့ အကြောင်းရင်းကို စုံစမ်းနေဆဲ ဖြစ်ပြီး သေဆုံးသွားတဲ့ လေယာဉ်မှူးဟာ အလားတူ တနေ့တည်းမှာပဲ သန်ဒါဘာ့ဒ်စ် စစ်လေယာဉ်အုပ်ထဲက F-16 လေယာဉ်တစီးလည်း ပျက်ကျခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။ ကော်လိုရာဒိုပြည်နယ်က အမေရိကန်လေတပ် သင်တန်းဆင်းပွဲမှာ သမ္မတ အိုဘားမား မိန့်ခွန်းပြောပြီးနောက် ပျံသန်းသရုပ်ပြစဉ် ပျက်ကျခဲ့တာပါ။ အဲဒီလေယာဉ်ပျက်ကျမှုမှာတော့ လေယာဉ်မှူးဟာ လေယာဉ်ထဲကနေ ထိုင်ခုံနဲ့ ကန်ထွက်နိုင်ခဲ့တဲ့အတွက် ဒဏ်ရာမရခဲ့ဘူးလို့ အမေရိကန်လေတပ်က ပြောပါတယ်။ ပီတာဆန် လေတပ်အခြေစိုက်စခန်းကနေ ၅ မိုင်အကွာ လယ်ကွင်းထဲကို လေယာဉ် ပျက်ကျခဲ့တာပါ။ လေယာဉ်ပျက်ကျတဲ့ အကြောင်းရင်းကို မသိရသေးပဲ လေတပ်အနေနဲ့ စုံစမ်းစစ်ဆေးသွားမယ်လို့ ပြောပါတယ်။ ဒီဖြစ်ရပ်ကြောင့် မြေပေါ်က လူတွေနဲ့ အများပြည်သူကို ထိခိုက်မှု မရှိခဲ့ဘူးလို့ လေတပ် တိုက်ခိုက်ရေးကွပ်ကဲမှုရုံး တွစ်တာလူမှုကွန်ယက်ပေါ်မှာ ရေးသားခဲ့ပါတယ်။ သမ္မတ အိုဘားမားကတော့ သင်တန်းဆင်းပွဲအပြီးမှာ သန်ဒါဘာ့ဒ်စ်လေ ယာဉ်မှူးဆီ သွားရောက် လည်ပတ်ခဲ့ပြီး သူတာဝန်ထမ်းဆောင်မှုအတွက် ကျေးဇူးတင်ကြောင်းနဲ့ ဒဏ်ရာ မပြင်းထန်တဲ့အတွက် စိတ်သက်သာရာရတယ်လို့ ပြောခဲ့ကြောင်း အိမ်ဖြူတော် ပြောခွင့်ရ ဂျို့ရှ် အားနက်စ်က ပြောပါတယ်။ ဒါ့အပြင် လေယာဉ်မှူးကို သွားရောက် ခေါ်ဆောင်ခဲ့တဲ့ အရေးပေါ် တုံ့ပြန်ရေး အဖွဲ့ဝင်တွေကိုလည်း အိုဘားမားက ကျေးဇူးတင်ကြောင်း ပြောခဲ့တယ်လို့ သူက ဆက်ပြောခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up