အပစ်မရပ်အဖွဲ့များကို နိုင်ငံရေးမူဘောင်ဆွေးနွေးပွဲတက်ရန် အစိုးရဖိတ်ခေါ်

1.7K
အစိုးရက တနိုင်ငံလုံးအပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကို နိုင်ငံရေး မူဘောင်ပြန်လည်သုံးသပ်တဲ့ ဆွေးနွေးပွဲမှာပါဝင် တက်ရောက်ဖို့ ဖိတ်ခေါ်ကမ်းလှမ်းလိုက်ပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ) အကြိုပြင်ဆင်ရေးဆပ်ကော်မတီ ၂ ရဲ့ ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ချင်းမိုင်မှာကျင်းပတဲ့ နှစ်ဘက်တွေ့ဆုံမှုအပြီး မီဒီယာတွေကို ပြောခဲ့တာ ဖြစ်ပါတယ်။
“နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း အားလုံးပါဝင်စေချင်တဲ့ဆန္ဒ ရှိတယ်၊ ဒီဘက်က လည်း ၀မ်းသာစရာကောင်းတာက အားလုံး ပါချင်ကြတယ်။ အန်စီအေ မထိုးသေးဘဲလည်း review meeting နိုင်ငံရေး မူဘောင်ပြန်လည်သုံးသပ်တဲ့ ဆွေးနွေးပွဲ ကို ဖိတ်မယ်။ သူတို့ကို ကျနော်ဖိတ်ခေါ်ထားတယ်။ အားလုံးကို လာပူးပေါင်း လုပ်ကြပါ၊ review meeting မှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်နိုင်အောင် ဖိတ်ခေါ်တဲ့ သဘောပါ။”
တိုင်းရင်းသားလက်နက်ကိုင်တို့ဘက်က တက် မတက် အကြောင်းပြန်မယ့် အကြောင်းလည်း ပြောပါတယ်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ရှန်ဂရီလာဟိုတယ်မှာ ပထမဆုံးအကြိမ်ပြုလုပ်တဲ့ နှစ်ဘက် တွေ့ဆုံပွဲမှာ အစိုးရက အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးညီလာခံတက်ဖို့ ဖိတ်ခေါ်ခဲ့သလို လက်မှတ် မထိုးရခြင်းရဲ့ အကြောင်းရင်းတွေကို မေးမြန်းပြီး လိုအပ်ချက်တွေ တင်ပြဆွေးနွေးခဲ့ကြပါတယ်။
အစိုးရအနေနဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ) အပစ်ရပ်စာချုပ်ကို ဒီတိုင်းထားပြီး နိုင်ငံရေးဆွေးနွေးပွဲဆီသွားမယ့် နိုင်ငံရေးမူဘောင်ကိုတော့ ပြန်လည်သုံးသပ်ဖို့ မူချထားပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က ဦးဆောင်ဆွေးနွေးတဲ့ နိုင်ငံရေးဆိုင်ရာညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (ဒီပီအန်) ဒုခေါင်းဆောင် ဗိုလ်ချုပ် ဂွမ်မော်ကတော့ နိုင်ငံရေး ဆွေးနွေးပွဲတွေကနေသာ မှန်ကန်တဲ့အဖြေရမယ်လို့ တွေ့ဆုံပွဲမှာပြောပါတယ်။
“နိုင်ငံရေးဆွေးနွေးပွဲများဖြင့်သာလျှင် ကျနော်တို့ မှန်ကန်တဲ့အဖြေရရှိမယ်လို့ ယုံကြည်တဲ့ အတွက်ဖြစ်ပါတယ်။ ဒုတိယအချက် အနေနဲ့ကတော့ အခု အစိုးရအသစ်အနေနဲ့ ယုံကြည် စိတ်ချစွာနဲ့ ကျနော်တို့နဲ့ ဆွေးနွေးပွဲတွေ ကျင်းပနိုင်လိမ့်မယ်ဆိုတဲ့ အစိုးရရဲ့ ဂုဏ်သိက္ခာကို ယုံကြည်တဲ့အတွက်၊ ကျနော်တို့ ကြိုတင်ပြင်ဆင်မှု အနေနဲ့ ကျနော်တို့ဒီပီအန်ကို ဖွဲ့စည်းပြီးမှ မျှော်လင့်ကြီးစွာနဲ့ ကျနော်တို့ ပြင်ဆင်နေကြတာ ဖြစ်ပါတယ်။”
အစိုးရနဲ့ အပစ်ရပ်လက်မှတ်မထိုးသေးတဲ့ တပ်ဖွဲ့တို့ ပထမအကြိမ် တွေ့ဆုံပွဲကို တအာန်း ပလောင်တပ်ဖွဲ့၊ ကိုးကန့်တပ်ဖွဲ့နဲ့ ရက္ခိုင့်တပ်မတော် (အေအေ)တို့က ကိုယ်စားလှယ်တွေ မတက်ရောက်ကြပါဘူး။