ငြိမ်းချမ်းရေးအတွက် တအိမ်တည်းနေ ညီအစ်ကိုတွေလို ဆွေးနွေးလို
DVB
·
June 3, 2016
တိုင်းပြည် ငြိမ်းချမ်းရေးအတွက် အစိုးရသစ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား တအိမ်တည်းနေ ညီအစ်ကိုတွေလိုဆွေးနွေးပြီး ယုံကြည်မှုတည်ဆောက်လုပ်ဆောင်ကြဖို့ အစိုးရ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဒေါက်တာတင်မျိုးဝင်းက မေတ္တာရပ်ခံ တိုက်တွန်း လိုက်ပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ) အကြိုပြင်ဆင်ရေးအတွက် အစိုးရ စေလွှတ်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ အန်စီအေ တနိုင်ငံလုံးအပစ်ရပ်စာချုပ် လက်မှတ်မထိုး ရသေးတဲ့ တိုင်းရင်း လက်နက်ကိုင်အဖွဲ့တွေ ဒီကနေ့ မနက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ရှန်ဂရီလာ ဟိုတယ်မှာ ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးရာမှာ ပြောသွားတာပါ။
အစိုးရကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒေါက်တာတင်မျိုးဝင်းက “တိုင်းပြည်တခုတည်းမှာ နေကြတဲ့ ညီအစ်ကိုမောင်နှမတွေ ဖြစ်တဲ့အတွက်၊ အခု အစိုးရသစ် တက်လာတဲ့အခါမှာ ပြည်သူလူထုတွေက ဘာဖြစ်လို့ဒီအစိုးရသစ်ကို ရွေးချယ်တင်မြှောက်သလဲဆိုရင် အဓိက အခြေခံအကျဆုံးကတော့ တိုင်းပြည်တိုးတက်ရေးနဲ့ ပြည်သူလူထု သက်သာချောင်ချိရေး၊ စားဝတ်နေရေးကအစ၊ ငြိမ်းချမ်းရေးအစ၊ လုံခြုံရေးက အစ အတွက်ပါဘဲ။ ဒီလိုကိစ္စတွေမှာ ကျနော်တို့က ငြိမ်းချမ်းရေးမရဘဲနဲ့ ဘယ်လိုမှ မလုပ်နိုင်ပါဘူး။ အခု ကျနော်တို့နဲ့ ဒီမှာ လာတွေ့ကြတဲ့ ညီအကို၊ မောင်နှမတွေဆိုလည်း တအိမ်တည်းမှာ နေကြတာပါပဲ။ တခါတရံ မောင်နှမတွေ အချင်းချင်းမှာလည်း စကားမပြောတာရှိမယ်၊ အဆင်မပြေတာရှိမယ်။ ဒါပေမယ့် ကျနော်တို့ အားလုံးအတွက်ကို ရည်စူးပြီးတော့ ဒီငြိမ်းချမ်းရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ အတူတကွ နေထိုင်တဲ့သူအချင်းချင်း အပြန်အလှန် ယုံကြည်မှု တည်ဆောက်မယ်။ နားလည်မှု တွေ တည်ဆောက်ပြီးလို့ရှိရင် တကယ့်ကို အားလုံးရဲ့ ဆန္ဒနဲ့ ပြည့်ဝတဲ့ ဖက်ဒရယ် ပြည်ထောင်စုတခု၊ ငြိမ်းချမ်းသာယာဝပြောတဲ့ နိုင်ငံတော်တခု တည်ဆောက်ဖို့အတွက် ဆိုပြီးတော့ ကျနော်တို့ကို တာဝန်ပေးတာပါ”လို့ ပြောပါတယ်။
ဒါ့အပြင် လာမယ့် ၂၁ ရာစု ပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ အဆင့်တိုင်းမှာ ပါဝင်သင့် ပါဝင်ထိုက်သူတွေပါဖို့အတွက် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က တာဝန်ပေးတဲ့ အတွက် ရောက်လာတာဖြစ်ပြီး လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေနဲ့ ပတ်သက်လို့ အစိုးရ သွားမယ့်ငြိမ်းချမ်းရေး လမ်းကြောင်းပြင်ဆင်နေတဲ့ကိစ္စတွေနဲ့ ရည်ရွယ်ချက်အားလုံးကို တတ်နိုင် သလောက်ရှင်းပြဖို့ လာရောက်တာ ဖြစ်တယ်လို့လည်းပြောပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က ဦးဆောင်ဆွေးနွေးတဲ့ နိုင်ငံရေးဆိုင်ရာညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (ဒီပီအန်) ဒုခေါင်းဆောင် ဗိုလ်ချုပ် ဂွမ်မော်ကတော့ ၂၁ ရာစု ပင်လုံညီလာခံရဲ့ ခေါင်းစဉ်နဲ့ ရည်ရွယ်ချက်ကို ရှင်းပြဖို့ တွေ့ဆုံဆွေးနွေးပွဲမှာ ပြောပါတယ်။
“ကျနော်တို့ သိလိုတဲ့အချက်များ၊ မရှင်းလင်းတဲ့အချက်များကိုလည်း ပြည့်ပြည့်စုံစုံ သိနိုင်လိမ့်မယ် လို့ မျှော်လင့်ပါတယ်။ အခုချိန်ထိတော့ ကျနော်တို့က အစည်းအဝေးမှတ်တမ်းများ၊ သတင်းမီဒီယာ များကနေ သိရှိရတဲ့ အချက်အလက်များအပေါ်မှာ ကိုယ့်အမြင်နဲ့ ကိုယ့်ဟာကိုယ် ကျနော်တို့ ဝေဖန်သုံးသပ်မှုလျှက် ရှိပါတယ်။ ငြိမ်းချမ်းရေးညီလာခံနဲ့ ၂၁ ရာစုပင်လုံဆိုတဲ့ ခေါင်းစဉ်အပေါ် မှာရော ရည်ရွယ်ချက်များကိုလည်း ကျနော်တို့ သေသေချာချာ သိရှိလိုပါတယ်။ ဒီကနေ့တွေ့ဆုံမှု ဟာ ရှေ့အနာဂတ်အတွက် ကောင်းမွန်တဲ့ ခြေလှမ်းအသစ်ဖြစ်တယ်လို့ ကျနော်တို့ ယုံကြည် ပါတယ်။”
ဒီတွေ့ဆုံပွဲမှာ အပစ်မရပ်သေးတဲ့ တိုင်းရင်းသားတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ တာဝန်ပေးခံထားရတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ ၂ ရဲ့ ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ အတွင်းရေးမှူး ဦးလှမောင်ရွှေနဲ့ အဖွဲ့ဝင် အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး စသူတို့ တက်ရောက်ပါတယ်။
အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး ရည်ရွယ်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီနဲ့ ဆပ်ကော်မတီတွေကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဇွန်လ ၃၁ ရက်နေ့ကမှ ဖွဲ့စည်း တာဝန်ပေးလိုက်တာ ဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန်လက်ထက်က တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်ကို လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေနဲ့ ပူးတွဲရေးဆွဲအတည်ပြုနိုင်ပေမယ့် စာချုပ်ကို လက်မှတ် ရေးထိုးရာမှာတော့ ရှစ်ဖွဲ့နဲ့ လက်မှတ်ထိုးနိုင်ခဲ့ပါတယ်။
စေ့စပ်ညှိနှိုင်းရေးတာဝန်ခံ ဒေါက်တာတင်မျိုးဝင်းတို့ဟာ လက်မှတ်မထိုးသေးတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ အန်စီအေလက်မှတ်ရေးထိုးကြပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံ ပြင်ဆင်ရေး၊ ကျင်းပရေး၊ ပါဝင်ဆွေးနွေးရေးတွေမှာ ပါဝင်လာဖို့အတွက် တာဝန်ပေးခံရတဲ့ ဆပ်ကော်မတီအဖွဲ့ဖြစ်ပါတယ်။