တောတွင်းစွန့်ပစ်ခံခဲ့ရသည့် ဂျပန်ကလေးငယ် ၆ ရက်ကြာမှ ပြန်တွေ့

ပြန်လည်ရှာဖွေတွေ့ရှိခဲ့သည့် ဂျပန်ကလေးငယ်။ (ဓာတ်ပုံ - အမ်ထိုင်း)
1.9K
မိဘတွေက ပြစ်ဒဏ်ပေးတဲ့အနေနဲ့ တောတွင်းမှာ စွန့်ပစ်ထားခဲ့လို့ ပျောက်ဆုံးနေတဲ့ ဂျပန်ကလေးငယ်ကို ၆ ရက်အကြာမှာ ပြန်တွေ့ခဲ့ပြီလို့ ရဲတွေက ပြောပါတယ်။
အဲဒီကလေးကို ထိခိုက်ဒဏ်ရာ တစုံတရာမရှိဘဲ ဒီကနေ့ မနက်ပိုင်းမှာ ဟော့ကိုင်းဒိုးကျွန်း ရှိခဘဲမြို့က စစ်ရေးလေ့ကျင့်ရာနေရာ အဆောက်အဦထဲမှာ စစ်ရေးလေ့ကျင့်နေတဲ့ ကာကွယ်ရေးတပ်က အရာရှိတဦးက တွေ့ခဲ့တာလို့ ရဲတပ်ဖွဲ့ ပြောခွင့်ရက ပြောပါတယ်။
ယာမာတိုတာနိုကာလို့ အမည်ရတဲ့ အဆိုပါ ၇ နှစ်အရွယ်ကလေးငယ် ပျောက်ဆုံးခဲ့မှုဟာ ဂျပန်နိုင်ငံ မိဘတွေရဲ့ စည်းကမ်းနဲ့ အုပ်ထိန်းမှုကြားမှာ အချေအတင် ဆွေးနွေးငြင်းခုံစရာတခု ဖြစ်နေခဲ့တာပါ။
ကလေးငယ်ရဲ့ မိဘတွေဟာ ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့မှာ ကားနဲ့ခေါ်ဆောင်သွားခဲ့ပြီး တောတွင်းတနေရာမှာ စွန့်ပစ်ခဲ့တာပါ။
သူတို့စွန့်ပစ်ခဲ့တဲ့နေရာဟာ ဂျပန်နိုင်ငံရဲ့ မြောက်ဘက်အကျဆုံး ကျွန်းတခုဖြစ်တဲ့ ဟော့ကိုင်းဒိုးမှာဖြစ်ပြီး အဲဒီနေရာဟာ ၀က်ဝံတွေ ကျင်လည်ကျက်စားတဲ့ နေရာတခု ဖြစ်ပါတယ်။
မိဘတွေဟာ အစက တောတွင်း ဟင်းသီးဟင်းရွက်ခူးရင်း ကလေးငယ်ဟာ ပျောက်ဆုံးသွားခဲ့တာလို့ ရဲတွေကို ပြောခဲ့ပြီး နောက်ပိုင်းမှာတော့ ပြစ်ဒဏ်ပေးတဲ့အနေနဲ့ တောတွင်းမှာ ထားခဲ့တာလို့ ၀န်ခံလိုက်တာပါ။
ဖခင်ဖြစ်သူဟာ မိနစ်အနည်းငယ်အကြာ သူတို့ထားခဲ့တဲ့နေရာကို ပြန်ရောက်ခဲ့ချိန်မှာ ကလေးငယ်ကို မတွေ့ရတော့ဘူးလို့ ပြောခဲ့ပါတယ်။
အဲဒီနေ့မနက် အစောပိုင်းက ကလေးငယ်ဟာ မြစ်ကမ်းပါးအနီးမှာ ဆော့ကစားနေရင်း ကားတွေ၊ လူတွေကို ကျောက်ခဲတွေနဲ့ ပစ်ပေါက် ဆော့ကစားနေခဲ့တာမို့ ခုလို ပြစ်ဒဏ်ပေးခဲ့တာလို့ ရဲတွေကို ပြောပါတယ်။
ကလေးငယ်ကို ရှာဖွေဖို့ ကူညီကယ်ဆယ်ရေး အဖွဲ့ဝင်ပေါင်း ၁၈၀ လောက်ဟာ အဲဒီဒေသတ၀ိုက် ပိုက်စိပ်တိုက် ရှာဖွေခဲ့ကြရတာပါ။
ကလေးငယ်ရဲ့ ဖခင်ဖြစ်သူက ဂျပန်အခြေစိုက် အန်အိတ်ခ်ျကေ သတင်းဌာနနဲ့ တွေ့ဆုံချိန်မှာ “ကျနော့်သားကို ခုလိုလုပ်ခဲ့မိတဲ့အတွက် နောင်တရမိပါတယ်” လို့ ပြောခဲ့ပါတယ်။
သူ့အနေနဲ့ အစပိုင်းမှာ ရဲတွေကို အမှန်အတိုင်း မပြောခဲ့တာက ဒီလိုသာ ပြောခဲ့မယ်ဆိုရင် ပြစ်ဒဏ်ကျခံရမှာ စိုးတဲ့အတွက် ဖြစ်တယ်လို့ ပြောပါတယ်။
ဂျပန်တိုင်းမ်သတင်းစာရဲ့ အဆိုအရ ၁၉၆၂ ခုနှစ်ကတည်းက ဟော့ကိုင်းဒိုးဒေသမှာ လူပေါင်းဒါဇင်နဲ့ချီပြီး တိုက်ခိုက်ခံရလို့ သေဆုံးရတာတွေ ရှိခဲ့ဖူးတယ်လို့ အစိုးရမှတ်တမ်းတွေကို ကိုးကားပြီး ဖော်ပြပါတယ်။
အဲဒီဒေသက ၀က်ဝံတွေဟာ မြောက်အမေရိက ၀က်ဝံမျိုးစိတ်တွေနဲ့ နီးစပ်ပြီး ကိုယ်အလေးချိန် ပေါင် ၆၅၀ အထက်နဲ့ အရပ်အမြင့် ၆ ပေလောက်ထိ ရှိနိုင်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။