ကျောက်မျက်ရန်ပုံငွေ ဒေါ်လာသန်းချီပျောက်ဆုံးမှု အရှုပ်တော်ပုံ အပြိုင်အဆိုင်ရှင်းလင်း
DVB
·
June 2, 2016

မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ်ရဲ့ ရန်ပုံငွေ ဒေါ်လာ သန်း ၈၀ ကျော် ပျောက်ဆုံးနေတဲ့ ကိစ္စ္စနဲ့ ပတ်သက်ပြီး ယခင်အစိုးရ သတ္တုတွင်းဝန်ကြီးဟောင်းနဲ့ ကျောက်မျက် အသင်း တာဝန်ရှိသူတွေ နေပြည်တော်နဲ့ ရန်ကုန်မှာ ဒီကနေ့ မီဒီယာတွေနဲ့တွေ့ဆုံပြီး အပြိုင်အဆိုင် ရှင်းလင်းပါတယ်။
၂၀၀၉ မှ ၂၀၁၆ ထိ ကျောက်မျက်လုပ်ငန်းရှင်တွေထံက ၁ ရာခိုင်နှုန်း ကောက်ခံရရှိထားတဲ့ ရန်ပုံငွေ ဒေါ်လာ ၈၇ သန်းဟာ ခေါင်းစဉ်အမျိုးမျိုးပြ အဂတိလိုက်စားမှုတွေကြောင့် ၇ သန်းပဲ ကျန်ရှိတော့တယ်လို့ ကျောက်မျက်လုပ်ငန်းရှင်များ အသင်းချုပ် ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အလုပ်အမှုဆောင်များအပါအဝင် ၂၀ ကျော်လက်မှတ်ထိုးပြီး ၀န်ကြီးဌာန ၃ ခုနဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်များထံ တိုင်ကြားထားပါ။
ဒီတိုင်ကြားစာမှာ အနုပညာဦးစီးဌာနအတွက် သမ္မတဟောင်း ဦးသိန်းစိန်က ၇ သန်း ထုတ်ပေးခဲ့ကြောင်းနဲ့ သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်းကိုလည်း ၅ သန်းပေးတာတွေအပေါ် စိစစ်ပေးဖို့လည်း ပါရှိပါတယ်။
ဒီစွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး ယခင်ဦးသိန်းစိန်အစိုးရလက်ထက် သတ္တုတွင်းဝန်ကြီးဟောင်း ဒေါက်တာမြင့်အောင်နဲ့ ဆောက်လုပ်ရေး ဒုဝန်ကြီးဟောင်း ဦးစိုးတင့်တို့က ဒီကနေ့မနက် နေပြည်တော်မှာ မီဒီယာတွေနဲ့ တွေ့ဆုံပြီး အဂတိလိုက်စားမှုတွေမရှိတဲ့အကြောင်း ရှင်းလင်း ပြောကြားခဲ့ပါတယ်။
အငြိမ်းစား သတ္တုတွင်းဝန်ကြီးဟောင်း ဒေါက်တာမြင့်အောင်က“ ကျနော်တို့ အဂတိလိုက်စားမှုနဲ့ ပတ်သက်လို့ ဘာမှမရှိပါဘူး။ လုပ်ထုံးလုပ်နည်းအရဘဲ၊ သူ့ရဲ့လုပ်ထုံးလုပ်နည်းအရ တဦးတယောက်ရဲ့ ဆုံးဖြတ်ချက်အရ မဟုတ်ဘဲနဲ့ ကျောက်မျက်ပြပွဲ ဗဟိုကော်မတီနဲ့ ဆုံးဖြတ်သွားပြီးတော့ ၅၂ သန်းသောပြည်သူလူထုပိုင်သော ကျောက်မျက်ရတနာတွေကနေ ရရှိတဲ့ အကျိုးအမြတ်တွေကို သူ့ဒေသ ပြည်သူလူထု ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်တဲ့ဟာတွေကို သုံးစွဲခြင်းဖြစ်တယ်ဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်”လို့ ပြောပါတယ်။
သမ္မတ ဟောင်းဦးသိန်းစိန် ဒေါ်လာ (၇) သန်း ထုတ်ယူတယ်လို့ စွပ်စွဲချက်နဲ့ ပတ်သက်လို့ နိုင်ငံတကာ အနုပညာ ဗဟိုဌာန တည်ဆာက်ဖို့ အတွက် အမေရိကန်ဒေါ်လာ ၁သန်းနဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေ သန်း ၁၂၀၈ ကို သမ္မတ ဟောင်း ဦးသိန်းစိန်ကိုထုတ်ပေးတာမဟုတ်ဘဲ ဆောက်လုပ်ရေးနှင့်အိမ်ယာဖွံ့ဖြိုးရေး ဘဏ်ကိုပေးသွင်းခဲ့တာသာဖြစ်တယ်လို့ရှင်းပါတယ်။
အလားတူ သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်းကိုလည်း ဒေါ်လာ ၅သန်းပေးခဲ့ခြင်းမရှိဘဲ သမ္မတဟောင်း ဦးသိန်းစိန်ရဲ့ ညွန်ကြားချက်အရ နေပြည်တော် ရွှေကြာပင်ရပ်ကွက်မှာ (One Stop Service) ဖွင့်လှစ်ဖို့ ကျောက်မျက်ရောင်းဌာနအဆောက်အဦနဲ့ ကျောက်မျက်ရတနာ သင်တန်းကျောင်းဆောက်ဖို့တွေ ဆောင်ရွက် ခဲ့တယ်လို့ ရှင်းပါတယ်။
ဒါ့အပြင် ဒီစွပ်စွဲချက်တွေဟာ ဦးသိန်းစိန်နဲ့ ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကို နိုင်ငံရေးအရ သိက္ခာ ချတာလို့လည်း ၀န်ကြီးဟောင်း ဒေါက်တာ မြင့်အောင်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“ပုဂ္ဂိုလ်ရေး အများကြီးထိခိုက်တယ်။ သမ္မတကြီးဆိုရင် ပါတီဥက္ကဋ္ဌ၊ ဒါပါတီကို ထိုးနှက်တယ်လို့ ပါတီ သိက္ခာချတယ်လို့ ကျနော်တော့ မြင်တယ်။ ဒါပါတီကိုလည်း သိက္ခာချတယ်။ ပုဂ္ဂိုလ်ရေးအရ သိက္ခာချတယ်လို့ မြင်တယ်။ ဒါတွေကို ဥပဒေကြောင်းအရ အရေးယူသင့်တယ်လို့ မြင်ပါတယ်” လို့ ပြောပါတယ်။
အလားတူ တိုင်ကြားစာပေးပို့ခဲ့တဲ့ မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များ အသင်းချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေဘက်လည်း ကျောက်မျက်အသင်းရန်ပုံငွေ အလွဲသုံးစားမှု ဟာ ယူရိုငွေ ၉၃ သန်းထိရှိတယ်ဆိုပြီး ဒီကနေ့ မွန်းလွဲပိုင်း ရန်ကုန်တော်ဝင်နှင်းဆီမှာ မီဒီယာတွေကို တွေ့ဆုံရှင်းလင်းပါတယ်။
ကျောက်မျက်အသင်းချုပ် ဗဟိုအမှုဆောင် ဦးကျော်ကျော်ဦးကတော့ ကျောက်မျက်အသင်းချုပ်မှာ ငွေစာရင်းနဲ့ ပတ်သက်ပြီး စီမံခန့်ခွဲမှု အလွဲအမှားတွေရှိခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
“ဘယ်လောက်များ လွဲမှားမှုတွေရှိသလဲဆိုရင် ဘဏ္ဍာရေးမှူးက အားလုံးငွေထုတ်ပြီးမှ သိတယ်။ ဘဏ္ဍာရေးမှူးဆိုတာ ငွေထုတ်ဖို့ အရင်ဆုံးသိရမှာ ကျနော်တို့အသင်းချုပ်မှာ ဘဏ္ဍာရေးမှူးက ငွေအားလုံးထုတ်ပြီးတော့မှာ စာရွက် လေးရလာပြီး အော်ဘယ်သူတွေ ထုတ်သွားပြီဆိုတာ သိတယ်။ အဲဒီအဆင့်မျိုးအထိ ကျနော်တို့ အသင်းထဲမှာ Management (စီမံခန့်ခွဲမှု) တော်တော်လေးကို ညံ့ဖျင်းနေပါတယ်။ ဒါနံပတ်တစ်အချက်။ အရင်တုန်းကလည်း မသမာမှုတွေ နှစ်စဉ်နှစ်စဉ်လုပ်တယ်။ ဒါပေမယ့် ကျနော်တို့ ပြောပိုင်ခွင့်မရှိဘူး။ ပြောလို့လည်း မပေါက်ဘူး။ ဘယ်နေရာမှလည်း ပြောလို့ မရဘူး။ ဒီအချိန်ကျမှ ပြောတယ်ဆိုတာ ဘာကြောင့်လည်းဆိုရင် အစိုးရလည်းပြောင်းသွားတယ်။ အခြေအနေတွေလည်း ပြောင်းသွားတယ်။ ဒီအခြေအနေ တွေကြောင့် ကျနော်တို့ ပြောလို့ရတာ ”
သူရရွှေမန်း ခေါင်းဆောင်တဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာစမ်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင် ဦးသိန်းလွင်ကတော့ ဒီကိစ္စကို အစိုးရ၀န်ကြီး ဌာနထက် မြင့်တဲ့ အဖွဲ့အစည်းက စိစစ်သင့်တယ်လို့ မေလ ၃၀ ရက်နေ့က နေပြည်တော် သင်္ဂဟဟိုတယ်မှာပြုလုပ်ခဲ့တဲ့ ကြံ့ခိုင်ရေးပါတီနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒီတိုင်ကြားစာနဲ့ပတ်သက်လို့ နေပြည်တော် သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာန ဦးဆောင်ညွှန်ကြားရေးမှူး ဦးဝင်းထိန် ဦးဆောင်တဲ့ အဖွဲ့က မေလ ၂၇ ရက်က စစ်ဆေးနေတယ်လို့လည်း ဆိုပါတယ်။