ဘောလုံးကန်နေစဉ် လူငယ် ၂ ဦး မိုးကြိုးပစ်ခံရ၍ သေဆုံး
DVB
·
June 2, 2016
သာယာဝတီမြို့နယ် လှည်းလမ်းကူးကျေးရွာမှာ ဘောလုံးကွင်းအတွင်း ဘောလုံးကန်နေစဉ် လူငယ် ၂ ဦး မိုးကြိုးပစ်ခံရပြီး သေဆုံးခဲ့ပါတယ်။
ဇွန်လ ၂ ရက်နေ့က ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း သာယာဝတီမြို့နယ် အရှေ့ဘက် ၃ မိုင်ခန့်အကွာ လှည်းလမ်းကူးကျေးရွာမှာ ဇွန်လ ၁ ရက်နေ့ညနေ ၆ နာရီခွဲအချိန်မှာ လူငယ်တွေ ဘောလုံးကန်နေစဉ် မိုးကြိုးပစ်ခံရပြီး လူငယ် ၂ ဦး သေဆုံးခဲ့ပါတယ်။
အဆိုပါ မိုးကြိုးပစ်ခံရသူ အောင်စိုးမိုး (၂၂ နှစ်)နဲ့ နေလင်းအောင် (၂၁ နှစ်) တို့မှာ တရွာထဲနေ ညီကိုဝမ်းကွဲတွေဖြစ်ပြီး ဘောလုံးကန်နေစဉ် မိုးကြိုးထိမှန်သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။ ဘောလုံး ကန်နေကြသည့် ကျန်လူငယ်များမှ မိုးကြိုး ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး။
သေဆုံးသူ ၂ ဦးကို ကျေးရွာအုပ်ချူပ်ရေးမှူးက သာယာဝတီမြို့မရဲစခန်းကို အကြောင်းကြားပြီး ရဲဆေးစာနဲ့ သာယာဝတီဆေးရုံသို့တင်ပို့ခဲ့တယ်လို့ သာယာဝတီမြို့မရဲစခန်း တာဝန်ရှိသူ တဦးက ပြောပါတယ်။ (သတင်း၊ ဓာတ်ပုံ - မေသွယ်)