မြန်မာဘောလုံး ဖီဖာအဆင့်သတ်မှတ်ချက် ၆ ဆင့် တက်လာ
မြန်မာနိုင်ငံရဲ့ ဘောလုံးအဆင့်အတန်းဟာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ရဲ့ ဒီကနေ့ ဇွန်လ ၂ရက် နောက်ဆုံး ထုတ်ပြန်တဲ့ နိုင်ငံအလိုက် ဘောလုံးအဆင့် သတ်မှတ်ချက်အရ အရင်ကထက် အဆင့် ၆ ဆင့်တက်လာပါတယ်။
ပြီးခဲ့တဲ့ မေလ သတ်မှတ်ချက်မှာ ကမ္ဘာ့အဆင့် ၁၆၇ နေရာမှာ ရပ်တည်ခဲ့တဲ့ မြန်မာအသင်းဟာ အခုလမှာ ၁၆၁နေရာကို တက်လာခဲ့တာပါ။
အရှေ့တောင်အာရှနိုင်ငံအသင်းတွေထဲမှာ ထိုင်းက အဆင့် ၁၁၇၊ ဖိလစ်ပိုင် အသင်းက ၁၂၀၊ ဗီယက်နမ်က အဆင့် ၁၃၃၊ စင်ကာပူက ၁၄၉၊ မလေးရှားက အဆင့် ၁၇၃၊ လာအိုက ၁၇၄၊ တီမော ၁၇၇၊ ကမ္ဘောဒီယား ၁၈၄ ၊ အင်ဒိုနီးရှားက ၁၈၇ မှာ အသီးသီး ရပ်တည်နေပါတယ်။
မြန်မာဘောလုံးအဆင့်အတန်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း ၁၉၉၆ ခုနှစ်မှာ အဆင့် ၁၀၄ ထိ အမြင့်ဆုံးနေရာရောက်ခဲ့ပြီး ၂၀၁၁ခုနှစ်မှာ ၁၇၂ နေရာထိ အနိမ့်ဆုံး အဆင့်ရောက်ရှိခဲ့ပါတယ်။
လက်ရှိ ကမ္ဘာ့ဘောလုံး အဆင့် ၁ နေရာမှာ အာဂျင်တီနား၊ အဆင့် ၂ ဘယ်ဂျီယံ၊ အဆင့် ၃ ကိုလံဘီယာ၊ အဆင့် ၄ ဂျာမနီနဲ့ အဆင့် ၅ မှာ ချီလီအသင်းတွေ အသီးသီးရပ်တည်နေပါတယ်။